ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆာသူးလေ အထက်တန်းကျောင်း HTL School မှာ လာမယ့် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသားသစ်တွေ လက်ခံ တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီကျောင်းဟာ နယ်စပ်ရွှေ့ပြောင်းလုပ်သားနဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် အလှူရှင် တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး ခုနောက်ပိုင်း ကျောင်းသားဦးရေတွေများ လာတာကြောင့် စာသင်ကျောင်းအဆောက်အဦ၊ ထိုင်ခုံ၊ စာရေးခုံစတဲ့ သင်ကြားထောက်ကူပ စ္စည်းတွေရော၊ ဆရာ/ဆရာမ အင်အားပါ မလုံလောက်တာာကြောင့် ကျောင်းသားသစ်လက်မခံ နိုင်တော့တာလို့ ကျောင်းတာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ဆီမှာ ဆရာ/ဆရာမ ၆၀ ကျော်ပဲရှိပါတယ်။ အခုကျောင်းသားဦးရေက ၁၀၈၀ ကျော်သွားပြီ။ ဆရာနဲ့ကျောင်းသားလည်းမမျှဘူး။ ကျောင်းထွက်သွားတဲ့ကလေးကနည်းပြီး ဝင်လာတဲ့ကလေးက ပိုများတယ်၊ စာသင်ခန်းတွေ မလောက်တော့ camp ထိုးပြီးသင်ရတယ်။ အမိုးအကာမလုံခြုံ၊ ကျောင်းသားတွေအတွက် စိတ်ကျဉ်းကြပ်ပြီး ကောင်းကောင်း ပညာမသင်နိုင်တော့ ကျောင်းသားသစ်လက်ခံတာကို ရပ်နားထားတာပါ။ ဘယ်တော့မှပြန်ပြီးလက်ခံမလဲဆိုတာတော့ အခြေအနေပေါ်မူတည်တာပေါ့နော်”
ဆာသူးလေ Hsa Thoo Lei အထက်တန်းကျောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က စတင်ဖွင့်လှစ်ခဲ့ပြီး မူကြိုရွယ်ကလေးကနေ တက္ကသိုလ်ဝင်တန်း၊ GED (General Educational Development) အထိ မြန်မာ၊ ကရင်၊ ထိုင်း၊ အင်္ဂလိပ်ဘာသာတွေနဲ့ သင်ကြားပေးနေတာပါ။
အဆိုပါကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ကလေးတွေဟာ မြန်မာပြည်က တက္ကသိုလ်ကျောင်း၊ သက်မွေးဝမ်းကျောင်းနဲ့ ထိုင်းတက္ကသိုလ်တွေမှာပါ ဆက်လက်ပညာသ င်ကြားကြကြောင်း၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းတက္ကသိုလ်မှာ ဆက် လက်သင်ကြားမယ့်သူတွေပိုများလာသလို ကျောင်းလာအပ်တဲ့ ကျောင်းသားဦးရေတွေလည်း ပိုများ လာတာလို့ သိရပါတယ်။
တာ့ခ်ခရိုင်ထဲမှာ ရွှေ့ပြောင်းအလုပ်သမား သားသမီးပညာသင်ကျောင်းပေါင်း ၆၀ ကျော်၊ ကျောင်းခွဲတွေပါပါရင် ၇၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၁၃၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
ဓာတ်ပုံ - HTL School
မြန်မာ-ထိုင်း နယ်စပ်မြို့မှာရှိတဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက ဇန်နဝါရီလ ၂၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ ထောက်ပံ့ခဲ့တယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
CDM ပညာရေးဝန်ထမ်းတွေနဲ့ စစ်သားတွေကို အခုလို ထောက်ပံ့ခဲ့တဲ့အပြင် စာသင်ကျောင်း နှစ်ကျောင်းက ကလေး ၅၀၀ ကျော်ကိုလည်း ထောက်ပံ့ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ အနေနဲ့ အခုလို ထောက်ပံ့ပေးခဲ့တာ ၂ နှစ်ကျော်ပြီဖြစ်ပြီး ဆက်လက်ထောက်ပံ့သွားမှာဖြစ်သလို မြန်မာပြည်သူတွေကသာ တိုက်ပွဲရဲ့အဆုံးအဖြတ်ကို ပေးရမှာဖြစ်လို့ ရှေးကထက် ပိုပြီး စည်းလုံးညီညွတ်ဖို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
ရွှေဝါရောင်ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကနေစပြီး နွေဦးတော်လှန်ရေးကာလအထိ နွေဦးသံဃာကွန်ယက်နဲ့ လက်တွဲပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။
လက်ရှိမှာလည်း ကမ္ဘာနိုင်ငံတွေကို လှည့်လည်ကြွရောက်ပြီး ရန်ပုံငွေတရားပွဲတွေနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေသူ ဖြစ်ပါတယ်။