close

ထိုင်းနိုင်ငံတောင်ပိုင်း

close

April 13, 2022

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင်လာသည့် မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို နိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဧပြီ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဗိုလ်မှူးကြီး ပရာဆန်ဆက်က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တိုင်း ၆ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အာရှလမ်းမကြီးပေါ်မှာ ပစ်ကပ်ကားတစီးကို အသွင်ယူ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့နဲ့အတူ အသက် ၂၃ နှစ်အရွယ် ထိုင်းအမျိုးသား ယာဉ်မောင်းတယောက်ကိုပါ ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ရဲ့ သတင်းပေးမှုနဲ့အတူ ကွင်းဆက်အနေနဲ့ နောက်ထပ် ထိုင်းလူမျိုး ယာဉ်မောင်းတယောက်ကိုပါ ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေက သူတို့ ၂ ယောက်ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ကို အမျိုးသားတယောက်က ဘတ် ၁၀,၀၀၀ စီနဲ့ မြန်မာတွေကို မလေးရှားနယ်စပ်ထိ ပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၂၁ ယောက်ကတော့ သူတို့ဟာ ရန်ကုန်၊ မြဝတီ၊ မော်လမြိုင် စတဲ့ မြို့တွေအသီးသီးကနေ ထိုင်းနိုင်ငံ ပရာချွတ်ခီရိခန်ဒေသတွင်း တောလမ်းကတဆင့် ဝင်ရောက်လာခဲ့ပြီး အဲဒီကတဆင့် ဆုန်ခလာခရိုင်နယ်စပ်ထိ သွားရောက်ကာ မလေးရှားနိုင်ငံဆီ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ တယောက်ကို ပွဲစားခ ဘတ် ၄၀,၀၀၀ စီနဲ့ ခုလိုလာရောက်ခဲ့တာဖြစ်ပြီး တဝက်ကို အရင်ပေးချေထားကာ ကျန်တဝက်ကို မလေးရှားနိုင်ငံက အလုပ်နေရာတွေဆီရောက်မှ ပေးချေဖို့ သဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဥပဒေအရ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေပြီး နေရပ်ပြန်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကာ ဒီဖြစ်စဉ်နောက်ကွယ်က တရားခံတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားလို့ ပြည်သူတွေ အသက်နဲ့ စည်းစိမ်ဥစ္စာ လုံခြုံမှုမရှိ၊ စီးပွားရေး အကျပ်အတည်းတွေ့ပြီး နိုင်ငံသားတွေဟာ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာရာမှာ နေ့စဉ်လိုလို အဖမ်းခံရတာ ဖြစ်ပါတယ်။

47 seconds Ago

November 6, 2019

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စစ်ဆေးရေးဂိတ်စီးနင်းတိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၅ ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ်မှာ ခွဲထွက်ရေးသမားတွေက စစ်ဆေးရေးဂိတ်တခုကို ဝင်စီးတာကြောင့် ရဲအရာရှိတဦးနဲ့ ရပ်ရွာလုံခြုံရေး စေတနာ့ဝန်ထမ်း အများအပြား အပါအဝင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ထိုင်းလုံခြုံရေးအရာရှိတွေက  ပြောပါတယ်။ ဒါဟာ မွတ်စလင်ခွဲထွက်ရေး သောင်းကျန်းမှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ အဲဒီဒေသမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး တခုတည်းသော တိုက်ခိုက်မှု ဖြစ်ပါတယ်။    နိုဝင်ဘာလ ၅ ရက်နေ့ညက ဖြစ်ခဲ့တဲ့ ကင်းစခန်းစီးနင်းမှုမှာ တိုက်ခိုက်သူတွေက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လမ်းတွေမှာ သံချောင်းတွေကြဲပြီး နောက်က လိုက်ဖမ်းသူတွေ  ကြန့်ကြာအောင် လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်း လက်ချက်မှန်း ချက်ချင်း ပြောတာမျိုး မရှိပေမယ့် ဒီလို တိုက်ခိုက်တာတွေကို မကြာခဏ ကြုံတွေ့ရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း မလေး-မွတ်စလင် လူမျိုးစုတွေ ရှိတဲ့ ယာလာ၊ ပတ္တာနီနဲ့  နာရာသီဝပ်ပြည်နယ်တွေမှာ ဆယ်စုနှစ် တခုကြာ ခွဲထွက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုတွေ‌ကြောင့် ၂၀၀၄ ခုနှစ်ကစလို့ လူ ၇၀၀၀ နီးပါး သေဆုံးခဲ့တယ်ဆိုပြီး Deep South Watch စောင့်ကြည့်ရေးအဖွဲ့က  ပြောကြားပါတယ်။
2 years Ago
Up