close

ထိုင်းနိုင်ငံသား

close

May 8, 2023

ရွေးကောက်ပွဲမှတဆင့် ထိုင်းနိုင်ငံသားများ အပြောင်းအလဲမျှော်လင့်

မေလ ၁၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းအစိုးရက ပြင်ဆင်နေချိန်မှာ ထိုင်းနိုင်ငံ ဒီမိုကရေစီသမိုင်းမှာ အရေးပါတဲ့ အခိုက်အတန့်တခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဘန်ကောက်မြို့ခံတွေက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ၈ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အပြောင်းအလဲအတွက် တောင်းဆိုခဲ့ကြပါတယ်။

အသက် ၄၈ နှစ်အရွယ် ဘန်ကောက်မြို့ခံ နာရာတာ့ချ် ကန်ဂျနာကူးလ်က “ကျနော်မြင်ချင်တာက အပြောင်းအလဲဆိုတာ သေချာပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ကို သူတို့အတိုင်းပဲ လက်ခံခိုင်းဖို့ ဖိအားပေးခံခဲ့ရတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်တပ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး စစ်တပ်အကြီးအကဲဟောင်းဆီ အာဏာလွှဲပြောင်းပေးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကြောင့် ထိုင်းနိုင်ငံကို “ရွေးကောက်ပွဲအာဏာရှင်စနစ်” လက္ခဏာတွေ ပြခဲ့တဲ့ နိုင်ငံအဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သတ်မှတ်ခဲ့ပါတယ်။

၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ် ချန်အိုချာက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ရလဒ်အနေနဲ့ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြည့်အဝ ဒီမိုကရေစီအစိုးရအဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။

ချူလာလောင်ကွန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ စီရီပန် နောင်ဆုအန် ဆာဝပ်ဒီက“၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက ဘယ်လိုပဲ မဲပေးခဲ့ပါစေ၊ ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သူ့ကိုယ်သူ ဘေးဖယ်ထားနိုင်တယ်လို့ ရှုမြင်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့လည်း စီရီပန်က ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ကပ်ရောဂါနဲ့ အစိုးရရဲ့ ကျေနပ်စရာမရှိတဲ့ စွမ်းဆောင်ရည်တွေလို အကြောင်းရင်းတွေကြောင့် မဲဆန္ဒရှင်တွေနဲ့ စစ်တပ်ထောက်ခံတဲ့ ပါတီတို့ ပိုမိုဝေးကွာသွားစေတာ ထင်ရှားတယ်” လို့ သူက ရှင်းပြပါတယ်။

သမ်မားဆတ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ပရာဂျက်ခ် ကောင်ကိရာတီရဲ့ ပြောကြားချက်အရ လာမယ့်ရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို အားကောင်း ခိုင်မာစေဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ နှစ်ပါတီစနစ်ကနေ ပိုမိုကွဲပြားပြီး ရှုပ်ထွေးတဲ့ ပါတီစုံစနစ်ဆီ ကူးပြောင်းသွားပြီဖြစ်လို့ ကျယ်ပြန့်တဲ့ နိုင်ငံရေးအယူဝါဒတွေကို လိုက်လျောညီထွေ ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

“နောက်ထပ်ကြီးမားတဲ့ ပြောင်းလဲမှုကတော့ ပါတီကြီးတွေကို မျက်နှာသာပေးမယ့် မဲနှစ်မဲနဲ့ ရွေးကောက်ပွဲစနစ်ပါပဲ။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အကြီးဆုံးပါတီဖြစ်တဲ့ ဖွေ့ထိုင်းပါတီက အမတ်နေရာ အရေအတွက် ပိုများလိမ့်မယ်” လို့ သူက ရှင်းပြပါတယ်။

နိုင်ငံရေးကျွမ်းကျင်သူ နှစ်ဦးစလုံးက ဖွေ့ထိုင်းပါတီဟာ အပြတ်အသတ် အနိုင်ရရှိဖို့ ခုအချိန်မှာ ပိုမိုစိန်ခေါ်လာနေတယ်လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲတွေထဲက အထူးသဖြင့် Future Forward ပါတီ ပေါ်ပေါက်လာတာနဲ့အတူ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဟာ ခုအချိန်မှာ စိန်ခေါ်မှု ပိုပြင်းထန်လာတယ်လို့လည်း ဆိုကြပါတယ်။

5 mins Ago

April 28, 2023

စမွတ်ပရကန်ခရိုင်တွင် လူကုန်ကူးအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၂ ဦး အသတ်ခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့နယ်ထဲမှာ တရားမဝင် အလုပ်သမားတွေ တင်သွင်းနေတဲ့ လူကုန်ကူးအဖွဲ့ဝင် ထိုင်းအမျိုးသား ၂ ဦး အသတ်ခံထားရပြီး သံသယရှိတဲ့ တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ မြန်မာပွဲစားနဲ့ အပေါင်းပါတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့  ရဲက ယူဆကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်က ထိမ်း(ခ) နိုင်းဖန်ဖိဆစ် ( ၂၄ နှစ် ) နဲ့ ကန်း (ခ) နိုင်းမုံးခုန်းအီစမန် ( ၂၃ နှစ် ) တို့ဟာ ဒီလ၂၀ ရက်နေ့ကတည်းက အဆက်သွယ်မရဘဲ ပျောက်ဆုံးနေပြီး သူတို့နောက်ဆုံးသွားရောက်ခဲ့တဲ့ ဘန်ဖရီမြို့ ရာချာထေဝရပ်ကွက် ကင်ကယောက် ၃၉ လမ်း SP အိမ်ရာတိုက်ခန်းမှာလည်း သွေးစသွေးနနဲ့ မသင်္ကာဘွယ်ရာတွေ တွေ့တယ်လို့ သက်ဆိုင်ရာမိသားစုဝင်တွေက ရဲစခန်းကို တိုင်တန်းထားပါတယ်။

အဆိုပါတိုက်ခန်းရဲ့ အိမ်နီးချင်းဖြစ်သူကလည်း ၂၀ ရက်နေ့ ညသန်းခေါင်ကျော်မှာ အဲဒီအခန်းထဲကနေ ရန်ဖြစ်သံ၊ ကြိမ်းဝါးသံ၊ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုသံ၊ ထုနှက်သံ ကြားရပြီး အိမ်ထဲကလူတွေ ကားနဲ့ ပြန်ထွက်သွားကြောင်း အသံဖမ်းထားတဲ့ အထောက်အထားနဲ့တကွ ရဲကို ပြောပြခဲ့ပါတယ်။

မနေ့ကတော့ ပျောက်ဆုံးနေတဲ့ သူတို့နှစ်ယောက်ကို အလောင်းအဖြစ်နဲ့  နွန်ထပူရီခရိုင် ဆိုင်းနွဲ့မြို့နယ် ရာ့ချ်ဆဒွန်းရပ်ကွက် အဝေးပြေးကားလမ်းမကြီးဘေး မြက်တောထဲမှာ တွေ့ရှိခဲ့ပါတယ်။

အလောင်းမှာ ပုပ်ပွနေပြီး ခန္ဓာကိုယ်နဲ့ လည်ပင်းမှာ ဓားထိုးရာတွေ၊ ဦးခေါင်းကိုလည်း မာကျောတဲ့အရာနဲ့ ထုနှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သူတို့နောက်ဆုံးနေခဲ့တဲ့ ဘန်ဖရီက တိုက်ခန်းကို ရဲတပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးရာမှာ တိုက်ခန်းရှေ့နဲ့အထဲမှာ သွေးစသွေးနတွေ တွေ့ရသလို သွေးတွေ ပေကျံနေတဲ့ အဝတ်တွေထည့်ထားတဲ့ အိတ်အမည်းကိုလည်း အမှိုက်ပုံးထဲ တွေ့ပါတယ်။

အဲဒီအိမ်ရှေ့က  စီစီကင်မရာကတော့ ဖျက်ဆီးခံထားရပြီး ဘေးအိမ်က စီစီကင်မရာတွေထဲ မှာ  ၂၀ ရက်ညက အခန်းပိုင်ရှင် နိုင်းဆုမ်ချိုင်း ( မြန်မာလူမျိုး )နဲ့ သူ့တပည့် မြန်မာအလုပ်သမားတွေ စုစုပေါင်း ၇- ၈ ဦး ကားနဲ့အရင်ရောက်လာပုံ၊ များမကြာခင် ကန်းနဲ့ ထိမ်းတို့ရောက်လာ၊ ည သန်းခေါင်ကျော်မှာ ဆုမ်ချိုင်းနဲ့ လူအချို့ကားနဲ့ ပြန်ထွက်သွား၊ မနက် ၂ နာရီလောက် ပြန်ရောက်လာကာ အားလုံးကားနဲ့ ပြန်ထွက်သွားကြပုံတွေ တွေ့ပါတယ်။

ဆုမ်ချိုင်းမှာ တရားမဝင်အလုပ်သမားတွေ တင်သွင်းနေတဲ့ လူမှောင်ခိုပွဲစားဖြစ်ပြီး အဲဒီတိုက်ခန်းမှာ သူ့ဇနီး ထိုင်းအမျိုးသမီးတို့ အဓိကနေထိုင်ကြောင်း၊  သူ့တပည့်မြန်မာ လုပ်သားနဲ့ ပျောက်ဆုံးနေတဲ့ ထိမ်းနဲ့ ကန်းတို့ပါ ထွက်လိုက်ဝင်လိုက် အတူနေ နေကြ တယ်လို့  ထိမ်းရဲ့အမျိုးသမီး ဝနတ်ပရီယာက ရဲကို ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ အဓိကခေါင်းဆောင်မှာ မလေးရှားက နိုင်းအယ်လ် ဆိုသူဖြစ်ကြောင်း၊ လူကုန်ကူးလုပ်ငန်းကို နိုင်းအယ်လ်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေကြပြီး  ငွေတွေကို ထိမ်းနဲ့ ကန်းတို့ရဲ့ ဘဏ်စာရင်းထဲမှာ ထဲ့ထားတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်ရှေ့က နိုင်းဆုမ်ချိုင်းက ဘဏ်အကောင့်ထဲကငွေတွေ ထုတ်ပေးဖို့ပြောရာ ကန်းနဲ့ ထိမ်းတို့က မထုတ်ပေးလို့ စကားများခဲ့တာရှိကြောင်း၊ ကန်းက ဆုမ်ချိုင်း မိန်းမကို ရိသဲ့သဲ့လုပ်လို့ မကျေနပ်တာရှိခဲ့ကြောင်း  ဒါပေမဲ့ လူသတ်မှုထိ ဖြစ်သွားမယ်လို့ မထင်ခဲ့ဖူး လို့ ဝနတ်ပရီယာက ပြောပါတယ်။

လောလောဆယ် နိုင်းဆုမ်ချိုင်းနဲ့ အပေါင်းပါတွေအကုန် ထွက်ပြေးလွတ်မြောက်နေပြီး မြန်မာပြည်ထဲပြန်ဝင်သွားပြီလို့ ယူဆကြောင်း၊ ဒါပေမဲ့ သူတို့အားလုံးကို ဖမ်းဆီး အရေးယူနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်း ထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - siamrath/thaipost.net

1 week Ago
Up