ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်ရှိ ထိုင်းပင်လယ်အော်ထဲမှာ ဒီဇင်ဘာ ၁၈ ရက် ညက ဆုခိုထိုင်း အမည်ရှိ ထိုင်းရေတပ်ပိုင်သင်္ဘော တစီး နစ်မြှုပ်သွားခဲ့ပြီး ရေတပ်သားတွေကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ၅ ဦးကတော့ ဒဏ်ရာရသွားတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါသင်္ဘောမှာ ရေတပ်သားပေါင်း ၁၀၆ ဦးလိုက်ပါလာကြောင်း ၊ သူတို့ဟာ ပင်လယ်ပြင်မှာ ကင်းလှည့်စစ်ရေးလေ့ကျင့်နေစဉ် လှိုင်းကြီးလေထန်တာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ကြီးမားတဲ့လှိုင်းလုံးကြီးပုတ်ခတ်တာခံရပြီးတဲ့နောက် လျှပ်စစ်မီးပျက်သွားပြီး သင်္ဘောပေါ်က ယန္တယားရပ်တံ့သွားကြောင်း၊ စက်မထိန်းနိုင်တော့တဲ့အခါ သင်္ဘောဝမ်းထဲကိုရေတွေဝင်လာပြီး တိမ်းစောင်းစပြုချိန် မိခင်တပ်ရင်းနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့တယ်လို့ အမှတ် ၁ ရေကြောင်းတပ် တာဝန်ရှိသူ ဗိုလ်မှူး ဖိချိုင်း လေ့ချုဆကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနောက်တော်ဝင်ရေတပ်မှ သင်္ဘောကြီး ၃ စီး ၊ ရဟတ်ယာဉ် ၂ စီး အပြင် ကယ်ဆယ် ရေးလှေငယ်တွေနဲ့ ပါသွားရောက်ကူညီခဲ့ကြောင်း၊ တပ်သားပေါင်း ၄၃ ဦးကို ကနဦး ကယ် တင်နိုင်ခဲ့ပြီး သင်္ဘောကြီးကတော့ မနေ့နေ့ ည ၁၁ နာရီခွဲလောက်မှာ စုံးစုံးမြှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရေထဲပြန့်ကြဲကူးခတ်နေတဲ့ တပ်မတော်သားတွေကို မုန်တိုင်းတွေကြားက တညလုံး ခက်ခက်ခဲခဲ ကူညီကယ်ဆယ်နေခဲ့ရာမှာ ဒီကနေ့မနက် ၄ နာရီ မိနစ် ၂၀ မှာ ၇၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲက ဒဏ်ရာရသူ ၅ ဦးကို ဘန်ဆဖန်းမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကနေ့မနက် ၆ နာရီမှာတော့ နောက်ထပ် တပ်ဖွဲ့ဝင် ၃၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်မှာ အားလုံးဘဲ အသက်အန္တရာယ်ဘေးက ကင်းလွတ်ခဲ့ပြီလို့ ဆိုပါတယ်။
ကိုးကား- Thairath