close

ထိုင်းပိုင်နက်ကျွန်း

close

June 6, 2022

ရိုဟင်ဂျာ ၅၉ ဦး ထိုင်းပိုင်နက်ကျွန်းတကျွန်းပေါ်တွင် စွန့်ပစ်ခံရ

ထိုင်းတောင်ပိုင်း၊ ဆဒွန်းခရိုင် ကော်ဒွန်းကျွန်းပေါ်မှာ ပွဲစားက လာရောက်စွန့်ပစ်ထားတဲ့ ရိုဟင်ဂျာ ၅၉ ဦးတို့ကို ထိုင်းရေတပ်က သွားရောက်ကယ်တင်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တလုတောင် ထိုင်းအမျိုးသားဥယာဉ်ပိုင်နက်ရှိ ကျွန်းတကျွန်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အစာရေစာပြတ်ပြီး ဒုက္ခရောက်နေတဲ့ လူတစုကို အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက တွေ့ရှိပြီး လူသားချင်းစာနာမှုအကူအညီပေးကာ ဇွန် ၄ ရက်နေ့ညမှာ ရေတပ်ကယ်ဆယ်ရေးသင်္ဘောနဲ့ သွားကြိုလာပြီး လောလောဆယ် ဆဒွန်းခရိုင် အမှတ် ၄၃၆ နယ်ခြားစောင့်တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၅၉ ဦးထဲမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ကလေး ၅ ဦးတို့ပါဝင်ပြီး အချို့မှာ တောထဲလျှောက်သွားထားလို့ ဒဏ်ရာတွေရနေပြီး ပင်ပန်းနွမ်းနယ်နေကြတယ်လို့ ဆိုပါတယ်။ 

စကားပြန်နဲ့တဆင့် စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ  မြန်မာပြည်မှာနေထိုင်ခွင့်အထောက်အထားမရှိလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရကြောင်း၊ စခန်းမှာ ဆင်းရဲပြီး ဘဝတက်လမ်း ဘာမှမရှိလို့ မလေးရှားနိုင်ငံ၊ အဲဒီကနေ့ ဘဝသစ်ထူထောင်ဖို့ ငါးဖမ်းလှေကြီး တစီးနဲ့ လိုက်ပါလာကြရာ ပင်လယ်ထဲမှာ ၂ လ တာကြာခဲ့တယ်လို့ ပြောပါတယ်။ 

အဆိုပါကျွန်းကိုရောက်တော့ လာပို့တဲ့ ငါးဖမ်းလှေက သူတို့ကို ဒီကျွန်းဟာ မလေးရှားနိုင်ငံထဲက ကျွန်းတကျွန်းပဲလို့ ပြောပြီး လှေနဲ့ပြန်ထွက်သွားတာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းကိုယ်တိုင် လာရောက်စစ်ဆေးကြည့်ရှုကာ သူတို့တွေဟာ တရားမဝင် ခိုးဝင်သူတွေလား၊ လူကုန်ကူးခံရတာလားဆိုတာကို ဆက်လက်စစ်ဆေးအရေးယူသွားမှာဖြစ်ကြောင်း၊ သူတို့ဆီမှာရှိတဲ့ တယ်လီဖုန်း ၁၀ လုံးကိုလည်း စစ်ဆေးနေကြောင်း၊ လေလောဆယ် ဒီဖြစ်ရပ်မှာ ထိုင်းလူမျိုး ပါဝင်ပတ်သက်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။ 

မလေးရှားနဲ့ ဆက်စပ်နေတဲ့ ရေပိုင်နက်တလျှောက်ကိုလည်း လုံခြုံရေးပိုမိုတင်းကျပ်စွာ လှည့်လည် စစ်ဆေးဖို့  ဒုရဲချုပ်ကမှာကြားသွားပါတယ်။

2 mins Ago
Up