ထိုင်းနိုင်ငံ ကျောက်ဖရားမြစ်ထဲ ရေနစ်သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ရဲ့အမှုကို အထူးမှုခင်းအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ပြည်သူတွေက တောင်းဆိုထားတဲ့အပေါ် လက်ခံလိုက်ကြောင်း DSI တာဝန်ရှိသူက မတ် ၂၈ ရက်နေ့သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပြောကြားပါတယ်။
မင်းသမီးတိုင်မို နိဒါး သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်အလောင်းဖျောက်ဖျက်မှုလို့ သံသယရှိကြောင်း၊ ထင်ရှားတဲ့သက်သေ မပြနိုင်သေးဘဲ မတော်တဆသေဆုံးမှုလို့ အလျင်စလို သုံးသပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အပေါ်လည်း သံသယရှိကြောင်း၊ ဒါကြောင့် အထူးမှုခင်းအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ဘန်ကောက်မြို့တော်ဝန်အဖြစ် ဝင်ရောက်အရွေးခံခဲ့တဲ့ ခွန်ရို့စနား နဲ့ ရှေ့နေတွေက တင်ပြလျှောက်ထားခဲ့တဲ့အပေါ်မှာ DSI ကော်မတီဝင်တွေအနေနဲ့ဆွေးနွေးသုံးသပ်ဖို့ လက်ခံလိုက်တယ်လို့ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) ညွှန်ကြားရေးမှူး နိုင်းတရိုင်ရစ်ထ် တေမဟီဝုန်းက ပြောပါတယ်။
ဒီမတိုင်ခင်ရှေ့က သူတို့အနေနဲ့ တိုင်မိုရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တဲ့ ဆေးသိပ္ပံဌာန ဆရာဝန်၊ ရဲဆေးရုံက မှုခင်းဆရာဝန်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး တွေ့ရှိချက်တွေအပေါ် သုံးသပ်ခဲ့ကြောင်း၊ နောက်ထပ်သက်သေအချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့ထံတောင်းထားပြီး ဧပြီလထဲမှာ အကုန်ရမယ်လို့ သူကခန့်မှန်းပြောဆိုပါတယ်။
လောလောဆယ် အမှုတွဲဟာ ထိုင်းရဲတပ်ဖွဲ့လက်ထဲမှာရှိနေပြီး ရဲက အဆိုပါအမှုတွဲကို တရားရုံးပို့ပြီး တရားရုံးက DSI လက်ပြန်လွှဲတဲ့အခါ အမှုမှန်ပေါ်ပေါက်ရေး ပြန်စစ်ဆေးရမှာဖြစ်ကြောင်း၊ ကော်မတီရဲ့ဆွေးနွေးဆုံးဖြတ်ချက်ကိုလည်း ယူရဦးမယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ဆွေမျိုးတွေကတော့ DSI အနေနဲ့ ဒီအမှုကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ မလိုလားပေမယ့်လည်း အဓိကမှာ သက်သေနဲ့ အမှန်တရားပေါ်မှာသာမူတည်ကြောင်း၊ ဒီအမှုကို ထပ်ပြီးစစ်ဆေးဖို့ တောင်းဆိုလာတာဟာ ပြည်သူတွေဘက်ကဖြစ်သလို ဒီအမှုဟာ လူအများက ကျယ်ကျယ်ပြန့်ပြန့်စိတ်ဝင်စားနေတဲ့အမှုဖြစ်တယ်၊ ရာဇဝတ်မှုနဲ့လည်းပတ်သက်နေတယ်၊ ဒါကြောင့် မိသားစုထဲက အမှုမဟုတ်တော့ဘဲ အများဆိုင်ရာအမှု နိုင်ငံ့အမှုဖြစ်နေတာကြောင့် ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ DSI ညွှန်မှူးက ပြောသွားပါတယ်။
DSI က အထူးမှုခင်းအနေနဲ့စုံစမ်းဖော်ထုတ်ဖို့အတွက် သက်သေခံအမျိုးမျိုးရှုတ်ထွေးနေခြင်း၊ အများပြည်သူပေါ်သက်ရောက်မှုရှိခြင်း၊ နိုင်ငံရဲ့ လူမှုစီးပွားရေးလုံခြုံရေးပေါ်သက်ရောက်ခြင်း၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြား သက်ဆိုင်နေတဲ့အမှုဖြစ်ခြင်း၊ နောက်ကွယ်မှာ ဩဇာကုတ္တိ (ငွေကြေး/အာဏာ/ပါဝါ) ရှိသူတွေရှိနေခြင်း စတဲ့အချက် တချက်ချက်နဲ့ အကြုံးဝင်ရမယ်လို့ ဆိုပါတယ်။
ထိုင်းမင်းသမီးတိုင်မိုရေနစ်စဉ် မကယ်တင်ခဲ့ဘူးဆိုပြီး တံငါသည်အား စွပ်စွဲခဲ့မှုကို လွှတ်တော်အမတ်က ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းမင်းသမီး တိုင်မိုနိဒါး ကျောက်ဖရားမြစ်ထဲ ရေနစ်သေဆုံးခဲ့တာ ၁ လကျော်ခဲ့ပြီဖြစ်ပေမယ့် အမှု မပြီးပြတ်နိုင်သေးဘဲ နောက်ဆက်တွဲဇာတ်လမ်းတွေကလည်း တမျိုးပြီးတမျိုးဆက်ပြီးဖြစ်ပေါ်လာပါတယ်။
သူမဟာ မတော်တဆမှုနဲ့သေဆုံးရတာလို့ ရဲတပ်ဖွဲ့က ကနဦးပြောဆိုထားပေမယ့် ပရိသတ် အများစုက မယုံကြည်သလို အချို့ကလည်း တဖက်တလမ်းကနေ အမှန်တရားကို ရှာဖွေနေကြပါတယ်။
အခင်းဖြစ်ပွါးတဲ့ နွန်ထပူရီမြို့နယ်ထဲက လွှတ်တော်ကိုယ်စားလှယ် တေ့ ခေါ် နိုင်းမုံးခုံးကစ် ဆို သူမှာလည်း တိုင်မိုသေဆုံးမှုမှာ သွေးရိုးသားရိုးမဟုတ်လို့ ယုံကြည်ပြီး ကိုယ်ပိုင်စရိတ်နဲ့ သက်သေ တွေ ရှာဖွေစုဆောင်းနေပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ သူဟာ တိုင်မိုကရေထဲကူးခတ်နေပြီး လှေတစီးကသွားကြည့်ပေမယ့် မကယ်ဘဲ ပြန်လာခဲ့တယ်လို့ ယူဆရတဲ့ စီစီကင်မရာတစ်ခုကို ဖွင့်ပြကာ သတင်းစာရှင်းခဲ့ပါတယ်။
သတင်းထောက်တွေက လှေပေါ်ကလူကို စုံစမ်းမေးမြန်းရာမှာ သူဟာ တံငါသည်တဦးဖြစ်ပြီး သူတွေ့ခဲ့တဲ့အရာဟာ အရှည် ၁ မီတာခန့်ရှိ သစ်တုံးကြီးသာဖြစ်ကြောင်း၊ သစ်တုံးကြီး မြှုပ်ချီပေါ်ချီဖြစ်နေတာကတော့ သူဟာ အဲဒီနားမှာ ငါးဖမ်းပိုက်ချထားတာဖြစ်ပြီး သစ်တုံးနဲ့ ပိုက်ညှိနေလို့ သွားဖြုတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
ဒါပေမယ့် လူမှုကွန်ရက်မှာတော့ သူဟာ စပိဘုတ်ပိုင်ရှင်သူဌေးပေးတဲ့ ပိုက်ဆံယူပြီး လိမ်ပြောနေ တာလို့ ပျံ့နှံ့နေတဲ့အတွက် တနေ့လုပ်တနေ့စား တံငါသည်လင်မယားမှာ လူ့အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုခံရလို့ စားဝတ်နေရေးပါထိခိုက်နေကြောင်း၊ အလုပ်မဆင်းနိုင်လို့ ထမင်းကို ဘုန်း ကြီးကျောင်းမှာ သွားတောင်းစားနေရတယ်လို့ တံငါသည်မိန်းမက ပြောပါတယ်။
တံငါသည်လည်း လွှတ်တော်အမတ်ကို ပြန်တုံ့ပြန်ဖို့ ရှေ့နေနဲ့တိုင်ပင်ရာမှာ ရှေ့နေက တရားစွဲဖို့ ပြန်ပြီးအကြံပြုခဲ့ပါတယ်။ အဲဒီနောက် လွှတ်တော်အမတ်က တံငါသည်ကို တယ်လီဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း၊ တံငါသည်ကလက်မခံဘဲ ရဲစခန်းမှာလာပြီး သတင်းမီဒီယာတွေရှေ့မှာ တရားဝင်တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက် မနက်မှာတော့ လွှတ်တော်အမတ်က ပန်းခြင်းနဲ့အတူ လာရောက်တောင်းပန်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း၊ လူဆိုတာ အမှားနဲ့မကင်းနိုင်ကြောင်း၊ နောက်နောင်ကိုလည်း အပြောအဆိုဆင်ခြင်မယ့်အကြောင်း ကတိပေးပြောကြားသွားပါတယ်။
ဒီမတိုင်ခင်က သူဟာ တိုင်မိုရဲ့အလောင်းတွေ့ခဲ့တဲ့နေရာအနီး သင်္ဘောဆိပ်ခံတံတားပေါ်မှာ သွေး စတွေတွေ့လို့ ကောက်ယူခဲ့ပြီး ဒီအန်အေစစ်ခဲ့သလို ပျောက်ဆုံးနေတဲ့ တိုင်မိုရဲ့ဂါဝန်ကိုလည်း အမှိုက်ပုံထဲပါမကျန် သွားရောက်မွှေနှောက်ရှာဖွေခဲ့ပါသေးတယ်။
သူ့ရဲ့ကြိုးစားမှုကြောင့် နောက်လာ မယ့်ရွေးကောက်ပွဲမှာ သူ့ကိုပဲ ဆက်ပြီးမဲထည့်မယ်ဆိုတဲ့ ထောက်ခံသံတွေ အများကြီးရလာပါတယ်။ ဒါပေမယ့် ဆိပ်ခံတံတားပေါ်က သွေးစတွေဟာ ငါးဖမ်းသမားတွေက ငါးလာဖျက်တဲ့ နေရာဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုင်မိုရဲ့မိခင် နန်းဖနိဒါက သမီးရဲ့အမှုမှာ ရဲတွေရဲ့ လုပ်ဆောင်ချက်ကိုရာနှုန်းပြည့် ယုံကြည်ကြောင်း၊ မဆိုင်တဲ့သူတွေ ပါဝင်ပတ်သက်ခြင်းမရှိဖို့လည်း ပြောထားပါတယ်။
လွှတ်တော်အမတ်ကလည်း ဒီအမှုမှန်ရှာဖွေစုံစမ်းခြင်းကို ဆက်လုပ်တော့မှာမလိုဘဲ မူလတာဝန်ဝတ္တရားတွေပဲ ဆက်လုပ်တော့မယ်လို့ ပြောပါတယ်။
ထိုင်းမှာ သေမှုသေခင်းအလောင်းခွဲစိတ်သုံးသပ်ရာမှာ အတော်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဒေါက်တာဖွန်းထစ်ဟာလည်း အလောင်းကို ပြန်လည်ခွဲစိတ်သုံးသပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါ တယ်။ ဒါကြောင့် သူမကလည်း အလောင်းကို ခွဲစိတ်ဖို့ကြိုးစားနေပေမယ့် ရဲတပ်ဖွဲ့မှာ အာဏာရှိသူ တဦးရဲ့ ဖုန်းဆက်ကန့်ကွက်ခံခဲ့ရသလို တိုင်မိုရဲ့မိခင်ကလည်း ရဲဆေးရုံက အလောင်း ခွဲစိတ်စစ်ဆေးမှုပေါ် သံသယကင်းကြောင်း၊ ဒါကြောင့် ဒုတိယအကြိမ်ပြန်ခွဲစိတ်ဖို့ ဒေါက်တာ ဖွန်းထစ်ကို ကန့်ကွက်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းမင်းသမီးသေဆုံးမှုမှာ အဓိကကျတဲ့ တရားလိုဖြစ်သူ သူ့မိခင်က ရဲတွေရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာလိုပြီး တိုင်မိုရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနဲ့ သူ့ပရိသတ်အများစုကတော့ မတော်တဆ သေဆုံးမှုဆိုတာကို လက်မခံဘဲ ရဲရဲ့လုပ်ဆောင်ချက်အပေါ်မှာ ဝေဖန်နေကြတာဖြစ်ပါတယ်။