ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းအတွင်း အပူချိန်တွေ မြင့်တက်နေပြီး မိုးသက်လေပြင်းတွေနဲ့ အပူပိုင်းမုန်တိုင်း ကျရောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန်းမှန်းထုတ်ပြန်ထားပါတယ်။
ဒီမနက် ၆ နာရီ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းအရှေ့မြောက်နဲ့ တောင်တရုတ်ပင်လယ်ပြင်ဘက် ရွေ့လျားလာကြောင်း၊ ထိုင်းပင်လယ်ကွေ့နဲ့ တောင်တရုတ် ပင်လယ်ပြင်က အစိုဓာတ်တွေသယ်လာပြီး တောင်ဘက်နဲ့ အရှေ့တောင်ဘက် လေပြင်းတွေနဲ့အတူ ထိုင်းနိုင်ငံအထက်ပိုင်းကို ပျံ့နှံ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒီကနေ့ မေလ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက် ပိုင်းဒေသတွေမှာ အပူပိုင်းမုန်တိုင်းဝင်ပြီး မိုးသက်လေပြင်းကျရောက်တာ၊ မိုးသီးကြွေ ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါဒေသတွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းပွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့ ၊ ဥဒရာဒစ်၊ ဆုခိုထိုင်း၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်နဲ့ ဖစ်ချ်ဘွန်း။ ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ ဆကွန်းနခွန်း၊ နခွန်းဖနုန်၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ ကားလားဆင်၊ မုတ်တာဟန်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ် ၊ ဆူရင်း၊ ဆီစကစ်၊ ဿဘွန်းရာ့ချ်ဌာနီ။ ထိုင်းအလယ်ပိုင်း နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ဆင်ပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ ဆမွတ်ဆုန်ခမ်း ၊ စမွတ်စခွန်း၊ နခွန်းပထုန်နဲ့ ဘန်ကောက်အနီးတဝိုက်ဧရိယာ၊ ထိုင်းအရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး ၊ လယောင်း ၊ ကျန်ထပူရီ နဲ့ တရတ် စတဲ့ခရိုင်တွေပါဝင်ပါတယ်။
ဒါကြောင့် အဆိုပါဒေသနေပြည်သူတွေအနေနဲ့ ဟင်းလင်းပြင်နေရာတွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦနဲ့ ဆိုင်းဘုတ်ကြီးတွေအနီးကနေ ရှောင်ကြဉ်ဖို့ ၊ မိုးခြိမ်းပြီး လျှပ်စီးလျှပ်နေတဲ့ အချိန်မျိုးမှာ တယ်လီဖုံးနဲ့ သံသတ္တု ကဲ့သို့လျှပ်စစ်ဝင်လွယ်တဲ့ ပစ္စည်းတွေ အသုံးပြုမှုရှောင်ကြည်ဖို့ သတိပေးထားပါတယ်။
မေလ ၈ ရက်မှ ၁၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း၊ အပူပိုင်းဆိုင်ကလုံးမုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း ၊ ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းနဲ့ မြန်မာ့ကမ်းရိုးတမ်းဘက်ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအခြေအနေအရ ထိုင်းနိုင်ငံအနောက်ပိုင်းနဲ့ နေရာအတော်များများမှာ မိုးတွေအဆက်မပြတ်ရွာသွန်းနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းတွေ အမြင့် ၁ မီတာမှ ၂ မီတာထိ တက်လာနိုင်လို့ လှေငယ်တွေအနေနဲ့ ကမ်းစပ်က မထွက်ခွာကြဖို့ သတိပေးထားပါတယ်။
Ref:CMMET/ PPTV