close

ထိုင်းရိုးရာသင်္ကြန်

close

January 27, 2023

ထိုင်းရိုးရာသင်္ကြန်နှင့် ပုဇွန်တုမ့်ယမ်းချဉ်စပ်ဟင်းချို ယူနက်စကို စာရင်းဝင်တော့မလား

ထိုင်းရိုးရာသင်္ကြန်ရေသဘင်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲသွင်းဖို့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပဏာမ ထည့်သွင်း စဉ်းစားနေတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကပါ ခုံမင်စွာ လာရောက်ဆင်နွှဲလေ့ရှိတဲ့ ထိုင်းရိုးရာသင်္ကြန်ပွဲကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပါဝင်ခွင့်ရအောင်ဖို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၀  ပြည့်နှစ် မတ်လကတည်းက ယူနက်စကိုအဖွဲ့ထံ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ပဏာမ ထည့်သွင်းစဉ်းစားနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ စာရင်းတွေထဲမှာ ထိုင်းရိုးရာသင်္ကြန်ပွဲ (Songkran in Thailand, traditional Thai New Year festival) လည်း ပါဝင်လာတာပါ။

သကြင်္န်ဆိုတဲ့ ဝေါဟာရဟာ သက္ကတဘာသာကနေ ဆင်းသက်လာပြီး သင်္ကြန်ပွဲကို ထိုင်းနိုင်ငံမှာတင်မကဘဲ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ တရုတ် (ဆစ်ဆောင်ပန္နား)၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ဆင်နွှဲကြတာပါ။

ဒါပေမဲ့ ထိုင်းသင်္ကြန်မှာ တခြားနိုင်ငံနဲ့မတူ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန် ဓလေ့ထုံးတမ်းစဉ်လာ၊ လက်မှုအနုပညာ၊ အစားအသောက်တွေနဲ့ ဆင်ယင်ကျင်းပတာကြောင့် World Heritage site လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်အနေနဲ့ တင်သွင်းတာမဟုတ်ဘဲ ထိုင်းယဉ်ကျေးမှုသင်္ကြန် Intangible Cultural Heritage - ICH အဖြစ်  လျှောက်ထားတင်သွင်းတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တုမ့်ယမ်းကုန့်လို့ခေါ်တဲ့ ပုစွန်ဟင်းရည်ကိုလည်း ထိုင်းရိုးရာအမွေအနှစ် ဟင်းလျာအဖြစ် လျှောက်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ခွန် လို့ခေါ်တဲ့ ထိုင်းရိုးရာ မျက်နှာဖုံးစွပ်အက၊ နိုရာလို့ခေါ်တဲ့ ရိုးရာအက၊ အနှိပ်ပညာ စတဲ့ ၃ မျိုးကတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံထားရပြီး ဖြစ်ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံရတဲ့ အရာတွေဟာ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေ ရရှိမှာဖြစ်တဲ့အပြင် ကမ္ဘာ့အလယ်မှာ ပိုမိုထင်ပေါ် ကျော်ကြားသွားမှာ ဖြစ်ပါတယ်။

ကိုးကား - mgronline.com

5 mins Ago
Up