close

ထိုင်းရောက်မြန်မာများ

close

February 9, 2023

ဘန်ကောက်တွင် ပလာတာရောင်းသူများအပါအဝင် ထိုင်းရောက် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံဆက်သွားဖို့ပြင်နေတဲ့မြန်မာတွေနဲ့ ဘန်ကောက်မှာ ဈေးရောင်းနေတဲ့မြန်မာတွေ စုစုပေါင်း ၄၄ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ့်မြို့နယ် ထာ့ချန့်ရပ်ကွက်ရှိ ဂိုဒေါင်ဟောင်းတခုမှာ တရားမဝင်အလုပ်သမားတွေကို တခြားနေရာဆက်မပို့ခင်  ခေတ္တလာဝှက်ထားလေ့ ရှိကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် မြို့နယ် လဝက ၊ စုံစမ်းရေးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိ သူတွေဟာ ဖေဖော်ဝါရီ ၈ ရက် မှာ အဆိုပါနေရာကို သွားရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေ အဲဒီနေရာကို ရောက်သွားစဉ် မှန်လုံကား တစီးနဲ့ တင်ဆောင်လာတဲ့ တရားမဝင် မြန်မာ ၁၁ ဦးနဲ့  ဂိုဒေါင်ထဲ ကျား၊ မ ဇုန်ခွဲပြီး နေထိုင်သူတွေ ၂၂ ဦး  စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သူတို့ကို အစားအသောက်နဲ့၊ သွားရေးလာရေးစီစဉ်ပေးနေတဲ့ သန့်ဇင်ထွန်း ( ၄၃ နှစ် ) ၊ အောင်ခန့်ဌေး ( ၃၄ နှစ် ) နဲ့  ထိုင်းယာဉ်မောင်းသမား နိုင်းပရဆစ် ( ၄၈ နှစ် ) တို့ကိုပါ တရားမဝင်သူတွေ အားပေးကူညီမှု၊ အကာအကွယ်ပေးမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်း နိုင်းပရဆစ်ရဲ့ ထွက်ဆိုချက်အရ သူဟာ အဲဒီမြန်မာ ၁၁ ဦးကို ပရကျုပ်ခီရီခန်ကနေ အခကြေးငွေ ဘတ် ၁၂၀၀၀ နဲ့ တင်ဆောင်လာပေးတာလို့ ဆိုပါတယ်။ 

မြန်မာ ၁၁ ဦးကလည်း သူတို့ဟာ မလေးရှားနိုင်ငံကို ဆက်သွားဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၄၅၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ 

ဆုန်ခလာခရိုင်ထဲမှာ ဒီ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို ဖမ်းဆီးရမိတာ ဒီတခေါက်နဲ့ဆို ၃ ကြိမ်ရှိသွားပြီဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၆ ရက်နေ့က ၂၉ ဦး ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ၃၀ ဦး နဲ့ ခုတခေါက် ၃၃ ဦးပါ စုစုပေါင်း ၉၂ ဦးဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၇ ရက်နေ့ကတော့ ဘန်ကောက်မြို့ ဖရနခွန်းနယ်မြေ ခေါက်ဆန်လမ်းပေါ်မှာ လက်တွန်းလှည်းနဲ့ ဈေးရောင်းနေတဲ့ မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံခဲ့ရပါတယ် ။ 

နိုင်ငံခြားသားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ခေါက်ဆန်လမ်းပေါ်မှာ ရွှေ့ပြောင်းအလုပ် သမားတချို့ တွန်းလှည်းနဲ့ ဈေးရောင်းနေပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ဝင်လုနေ ကြောင်း တိုင်ကြားချက်ရထားတဲ့အတွက် နယ်မြေခံရဲတွေဟာ အရပ်ဝတ်နဲ့ ဈေးလည် ပတ်သူအယောင်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတွေက ပလာတာနဲ့ မုန့်ပဲသရေစာရောင်းနေတဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးမေးမြန်း ခဲ့ကြောင်း၊ သူတို့မှာ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကတ်တွေမရှိတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးလာတယ်လို့ သတင်းကြားတာနဲ့ တချို့ဈေးသယ်တွေဟာ ဆိုင်ကိုပစ်ထားပြီး ထွက်ပြေးသွားကြကြောင်း၊ အဲဒီနေ့ကတော့ ဈေးရောင်းနေတဲ့ မြန်မာအမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး အဲဒီနေရာမှာ ဈေးလာ ရောင်းတာ တနေ့ကို ဘတ် ၁၀၀၀ မှ ၁၅၀၀ ထိရတယ်လို့ ထွက်ဆိုသွားပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားကတ်ရှိရင်တောင်မှ ကိုယ်ပိုင်ဈေးရောင်းတဲ့အလုပ်ကို လုပ်  ခွင့်မရှိကြောင်း၊ သူတို့ကို လဝက ဥပဒေ၊ တည်ဆဲအလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ထားတယ်လို့ siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - matichon.co.th/siamrath.co.th

2 mins Ago

February 2, 2023

အာဏာသိမ်း ၂ နှစ်ပြည့် ထိုင်းရောက် မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်အနေနဲ့ ထိုင်းရောက် မြန်မာတွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေ စုပေါင်းပြီး မြန်မာသံရုံးနဲ့ ကုလသမ ဂ္ဂရုံးရှေ့တို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ လာရောက် စုဝေးခဲ့ကြပြီး၊ မနက် ၁၀ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီ အချိန်ထိ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ထိုင်းရောက်မြန်မာတွေ အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပြည်သူလူထုဆီကနေ လက်နက်နဲ့ မတရား ရယူထားတဲ့ ပြည်သူ့အာဏာကို ပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးက "လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးက ဒီနေ့ဖြစ်ပေါ်လာတဲ့ မြင်ကွင်းကို ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ အကုန်လုံးသိအောင် ပြတာပါ။ မြန်မာပြည်သူ လူထုရဲ့ ရင်ထဲမှာ ရှိတဲ့ ဆန္ဒကို ကမ္ဘာက သိပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို မတရား သိမ်းထားတဲ့ မဟုတ်မမှန် လုပ်နေတဲ့ စစ်တပ်ကို အမြန်ဆုံး ဖြုတ်ချပေးဖို့ တောင်းဆိုပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြသူတွေကို ထိုင်းအာဏာပိုင် ရဲတွေက ပိတ်ပင်တားဆီးတာမျိုး၊ ဖမ်းဆီးတာမျိုး ပြုလုပ်တာ မတွေ့ရဘဲ လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင်သာ တာဝန်ယူခဲ့ပြီး မြန်မာလုပ်သားတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆန္ဒပြ မြန်မာလုပ်သားတွေက ပြောပါတယ်။

ဘန်ကောက်မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာ အမျိုးသမီးတစ်ဦးက "ကျမတို့ ယုံကြည်ချက်ကတော့ မနိုင်မချင်းကို တိုက်မယ်။ ထောက်ပံ့မှုတွေ ပေးမယ်။ ရှိသမျှ လစာ ၂ ပုံ၊ ၃ ပုံလောက်ကနေ ကျမတို့ ထောက်ပံ့မယ်။ ဒီနေ့ ဆန္ဒပြပွဲမှာဆို ဘာအဖမ်းအဆီးမှ မရှိဘူး။ ရန်ဖြစ်ပွဲတွေလည်း မရှိဘူး။ အားလုံး ညီညွှတ်ကြတယ်။ လုံခြုံရေးလည်း အပြည့်အဝ တာဝန်ယူပေးတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်ပရောက် မြန်မာတွေဟာ မိမိတို့ ရောက်ရှိရာ နိုင်ငံ အသီးသီးရဲ့ သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂရုံးတွေရှေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီး၊ မြန်မာလုပ်သား အများဆုံး ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ မြန်မာတွေ ညီညီညွှတ်ညွှတ်နဲ့ စုပေါင်း ဆန္ဒပြခဲ့ကြတာပါ။

"ဒီနေ့ဒီအချိန်ထိ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီလူတွေနဲ့ သက်သေပါပဲ။ ကျနော်တို့ ကိုယ်တိုင် ဒီလို ဆန္ဒပြတယ်ဆိုတာ စစ်အာဏာရှင် တော်လှန်ဖို့ အတွက်ပဲ မဟုတ်ဘဲ ဖမ်းဆီးထားတဲ့ ခေါင်းဆောင် အမေစုနဲ့ အကုန်လုံးကို လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်။ မအလကို မကြိုက်လို့ တော်လှန်တာ ဒီလုပ်ကို ဘယ်တော့မှ လက်မလျှော့ဘူး။ နေ့ရှိညရှိသရွေ့ အာဏာရှင်ကို ဆက်လက် တော်လှန်သွားမှာ ဖြစ်ပါတယ်"လို့ ဆန္ဒပြ မြန်မာ လူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ထိုင်းရောက် မြန်မာတွေနဲ့အတူ ထိုင်းနိုင်ငံက တက်ကြွ လှုပ်ရှားသူတွေလည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို အမြန်ဆုံး လွှတ်ပေးဖို့ စတဲ့ အိတ်ဖွင့် စာတစောင်ကိုလည်း ဆန္ဒပြသူတွေက ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးကို ပေးအပ်ခဲ့ပါတယ်။

"၂ နှစ်ကာလမှာ စစ်အုပ်စုက အကြမ်းဖက် နည်းမျိုးစုံနဲ့ ပြည်သူတွေ ဒုက္ခတွေ ရောက်နေတယ်။ ၂ နှစ်ကာလအတွင်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း အများကြီး ရှိတယ်။ ကျနော်တို့က တော်လှန်ရေးကို ဆက်လက် လုပ်သွားမှာပါ။ ၂ နှစ်သာ ပြည့်လာတယ်။ နိုင်ငံတကာက ထိထိရောက်ရောက် ဘာမှ အကူညီ မပေးနိုင်ဘူး။ ဒါကြောင့် ထိရောက်တဲ့ မက်ဆေ့ တခု ပေးနိုင်အောင် UN အပါအဝင် နိုင်ငံတကာ ကူညီပေးနိုင်အောင် ချပြတာပါ"လို့ UN ရုံးရှေ့ ဆန္ဒပြသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အနေနဲ့ တနိုင်ငံလုံးနီးပါး အသံတိတ်သပိတ် (Silent Strike) ကို ဆင်နွှဲခဲ့ကြပြီး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဆန္ဒပြပြည်သူတွေကို မတရား ဖမ်းဆီး၊ အကြမ်းဖက် နှိပ်စက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမယ့် အာဏာသိမ်း ၂ နှစ်ပြည့်ကာလအထိ ပြည်သူတွေဟာ သွေးမအေးဘဲ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်နေကြပါတယ်။

(ZT)

ဓာတ်ပုံ - ကျော်ခိုင်

7 days Ago
Up