close

ထိုင်းရဲမှူးကြီး

close

June 8, 2022

မူးယစ်တရားခံကို သေဆုံးသည်အထိ စစ်ကြောရေးလုပ်ခဲ့သည့် ထိုင်းရဲမှူးကြီးနှင့် ရဲဝန်ထမ်းများ ထောင်ဒဏ်ချမှတ်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နခွမ်းဆဝမ်မြို့နယ်ရဲစခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က မူးယစ်တရားခံတယောက် အစစ်ဆေးခံရင်း သေဆုံးသွားခဲ့ရတာနဲ့ ပတ်သက်လို့  ရဲမှူးကြီးအဆင့်ရှိ စခန်းမှူးအပါအဝင် အရာရှိအရာခံ ရဲဝန်ထမ်း ၆ ယောက်ကို ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက သေဒဏ်အမိန့်ချခဲ့ပြီး လျှော့ပေါ့က ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ရဲတပ်ကြပ် တယောက်ကိုလည်း  ထောင်ဒဏ် ၅ နှစ်နဲ့ ၄ လ ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေကတော့ နခွမ်းဆဝမ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး/ရဲမှူးကြီး ထိဒီဆန်ဥထန ဖွန် (ခ) ကျို့ ( အသက် ၄၀ ) နှစ်နဲ့ ဒုရဲမှူး ၁ ဦး၊ ရဲအုပ် ၁ ဦး ၊ ဒုရဲအုပ် ၁ ဦး ၊ ရဲ တပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦးတို့ပါဝင်ပြီး အမှုမဖြစ်ခင်က  ပြည်သူ့ဝန်ထမ်းဆောင်ရွက်ခဲ့တာကြောင့်ရော၊ စစ်ဆေးမေးမြန်းမှုတွေမှာ ကောင်းစွာဖြေဆိုခဲ့တာ၊ အကျဉ်းထောင်ထဲမှာ ကောင်းစွာ နေထိုင်တာကြောင့်တရားရုံးက သေဒဏ်အဖြစ်ကနေ ထောင်ဒဏ်တစ်သက် တစ်ကျွန်းသို့ လျှော့ပေးလိုက်ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ဩဂုတ်လက အဆိုပါရဲစခန်းကနေ စိတ်ကြွဆေးပြား ၁ သိန်း လက်ဝယ်တွေ့ရှိမှုနဲ့ လင်မယားနှစ်ယောက်ကို ဖမ်းဆီးပြီး စစ်ကြောရေးမှာ တနေရာစီ ခွဲစစ်ရာမှာ အဆိုပါ အမျိုးသားမှာမူးယစ်ဆေးသုံးကာရှော့တ်ဖြစ်ပြီး သေဆုံးသွားကြောင်း၊ ဒီအပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့ ရဲကပြောပြီး သူ့ဇနီးကို လွှတ်ပေးလိုက်ကာ အသုဘစရိတ်ကိုလည်း အကုန်ကျခံပေးခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါမူးယစ်တရားခံမှာ ရှော့တ်ဖြစ်လို့ဆုံးတာမဟုတ်ဘဲ ရဲတွေက သူ့ခေါင်းကိုအိတ်အမည်းနဲ့စွပ်ပြီး စစ်ဆေးနေပုံ၊ အမှုကနေလွှတ်ချင်ရင် ဘတ်ငွေ ၁ သန်း ရှာပေးရမယ်လို့ ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်တွေ ရှေ့နေဆီရောက်သွားသလို အွန်လိုင်းပေါ်မှာလည်း ပြန့်နှံ့သွားတာကြောင့် နခွန်းဆဝမ်ခရိုင်ရဲတပ်ဖွဲ့မှတရားလိုလုပ်ကာ စခန်းမှူးကြီးနဲ့တကွ စစ်ကြောရေးမှာပါတဲ့ ရဲဝန်ထမ်းအားလုံးကို ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီနောက် သူတို့တွေကို ပြည်သူ့ဝန်ထမ်းဖြစ်ပြီး တပါးသူသေဆုံးသည်ထိ တရားမဲ့စွာ ဆောင်ရွက်ခဲ့တာ၊ တပါးသူသေဆုံးတဲ့အထိ တာဝန်ဝတ္တရားကိုအလွဲသုံးစားပြုခဲ့တာ၊ တရားခံကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ရက်စက်စွာညှဉ်းဆဲမှုတွေအတွက် တရားစွဲ အရေးယူခဲ့တာ ဖြစ်ပါတယ်။ 

ကိုးကား - bangkokbiznews.com / thainewsonline.co

41 seconds Ago

August 27, 2021

တရားခံသေဆုံးသည့်ကိစ္စ သူတစ်ဦးတည်း၏ တာဝန်သာဖြစ်ကြောင်း ထိုင်းရဲမှူးကြီး ဝန်ခံ

ထိုင်းနိုင်ငံ၊ နခွမ်းဆဝမ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ဦးကို သေဆုံးတဲ့အထိ ငွေညှစ်နှိပ်စက်ခဲ့လို့  ဖမ်းဝရမ်းထုတ်ထားတဲ့ ရဲမှူးကြီး ထိတီဆန် အူဖတ်နတ်ဖွန်း ခေါ် စခန်းမှူး ကျို့ဟာ ချွန်းပူးရီးခရိုင် ဆဲန်ဆုချ်နယ်မြေရဲစခန်းမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်လို့ တာဝန်ရှိရဲမှူးချုပ်က ပြောပါတယ်။ 

ရဲမှူးကြီး ထိတီဆန်ဟာ မြန်မာနိုင်ငံ မြဝတီဘက်ကို တိမ်းရှောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မနေ့ညက ဘန်ကောက် ထိုင်းရဲဌာနချုပ်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ ထွက်ပြေးပုန်းရှောင်ခဲ့တဲ့နေရာကို ရဲမှူးချုပ်က မဖော်ပြခဲ့ပါဘူး။

အမှတ် ၆ တိုင်းဒေသ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဧကရာဇ် လင့်ဆန်ကတ်က “မနေ့ည ၁၁ နာရီလောက်မှာ ဖုန်းတစ်ခုဝင်လာတယ်၊ ဘယ်နံပါတ်ပဲဖြစ်ဖြစ် ကျနော်ကိုင်လေ့ရှိပါတယ်။ အဲဒီမှာ သူက ကျနော်ကျို့ပါ၊ ဒီကယက်ဒဏ်ကို ကျနော်မခံနိုင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်။ အဲတော့ ကျနော်က အဲလိုလုပ်ရင် ရဲတပ်ဖွဲ့ကဘာကျန်မှာလဲ၊ ယောကျ်ားပီပီ ဖြစ်ရပ်မှန်ကို ပြည်သူတွေကိုရှင်းပြပါ၊  ပြဿနာဟာ ရှောင်ပြေးရုံနဲ့ မပြီးဘူး၊  သိက္ခာရှိစွာ တာဝန်ယူ ပါလို့ပြောတော့ သူက ဒါဆိုကျနော့ကို မနက်ဖန်ချွန်းပူးရီးမှာ လာကြိုပါတဲ့။ ဒါနဲ့ ကျနော်လည်း အထက်ကတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ချွန်းပူးရီးကိုသွားပါတယ်၊ သူက ဆဲန်ဆုခ်နယ်မြေရဲ စခန်းရှေ့မှာချိန်းတယ်၊ ကျနော်တယောက်တည်းလာဖို့ လက်နက်မပါဖို့ တောင်းဆိုတယ်။ ကျနော်လည်း ညနေ ၄ နာရီ ရဲစခန်းရှေ့သွားစောင့်တယ်၊ ၁၅ မိနစ်လောက်နေတော့ အဖြူရောင်ကားတစ်စီးလာရပ်ပြီး ကားပေါ်မှာ မာ့က်စ်တပ်ထားတဲ့ လူတယောက်ဆင်းလာတယ်၊ ကားကချက်ချင်းပြန်ထွက်သွားတယ်၊ အဲဒီလူက ကျနော့်နားလာပြီး ကျနော် ကျို့ပါလို့ ပြောခဲ့တယ်၊ ဒါနဲ့ ကျနော်တို့ ဆဲန်ဆုခ်ရဲစခန်းထဲ ဝင်ပြီး တာဝန်ရှိသူတွေကို သတင်းပို့လိုက်တယ်” လို့ ပြောပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆူဝပ် ကျဲန့်ယွတ်ဆုခ်ကလည်း ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အပြစ်ရှိသူ ဘယ်သူ့ကိုမဆို အကာအကွယ်ပေးမှာမဟုတ်ဘဲ တရားခွင်ရောက်အောင်ပို့မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သတင်းမီဒီယာတွေကိုလည်း စခန်းမှူး ကျို့နဲ့ ဖုန်းကတဆင့် မေးမြန်းခွင့်ပြုခဲ့ပါတယ်။

“ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ရပ်တည်နေရတာဖြစ်တယ်၊ ပြီးခဲ့တဲ့အမှုတွေမှာလည်း  တရားခံအားလုံး နီးပါးဖမ်းမိပြီး အရေးယူခဲ့တယ်။ ဘယ်လိုရာထူး/အဆင့်အတန်းပဲဖြစ်ဖြစ်  အပြစ်ရှိရင် ခံရမှာပဲ၊ ရဲတပ်ဖွဲ့ပေါ် ယုံကြည်စိတ်ချဖို့ ပြောချင်တယ်။” 

စခန်းမှူး ကျို့က  ဒီကိစ္စဟာ မရည်ရွယ်ပဲ ဖြစ်သွားရကြောင်း၊ တရားခံထံမှာ အိုက်စ်ဆေး အလေးချိန် ၁ ကီလိုနဲ့ စိတ်ကြွဆေး ၂ သောင်းနီးပါးရှိကြောင်း သိထားပြီး သူ့ဖုန်းထဲမှာလည်း ဓာတ်ပုံတွေ့ကြောင်း၊ များပြားလှတဲ့ မူးယစ်ဆေးတွေထားတဲ့နေရာ သိရဖို့ စစ်ကြောရင်း ဖြစ်သွားရ တာဖြစ်ပြီး ဒီကိစ္စမှာ သူသာလျှင်အဓိက၊ ကျန်သူတွေက သူခိုင်းတဲ့အတိုင်းလုပ်ရတာဖြစ်လို့ ဘယ်သူမှမဆိုင်ဘဲ သူတယောက်တည်းတာဝန်ယူမယ်၊ ထောင်ဒဏ်တသက်ကျပါစေ သူတယောက်ပဲ ခံယူမယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ငွေ ၂ သန်းကိစ္စကတော့ လုံးဝမတောင်းရကြောင်း၊ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တရားခံဆီက ငွေတောင်းတာတကြိမ်မှ မရှိခဲ့ဖူးကြောင်း၊ သေဆုံးသူရဲ့ ဖခင်ကိုတော့ အသုဘစရိတ် ဘတ် ၃ သောင်းထောက်ပံ့ခဲ့ပြီး  ရှေ့နေဆီက ဗွီဒီယိုကလစ် မဖော်ပြဖို့ ဘတ် ၂၀ သန်းနဲ့ ညှိခဲ့တဲ့ ကိစ္စတော့  မဟုတ်မှန်ဘူးလို့ ပြောပါတယ်။ 

ဘာကြောင့် အိတ်မည်းနဲ့ စွပ်ရသလဲ၊ ဘယ်လိုသေဆုံးလဲလို့ မေးမြန်းရာမှာ တရားခံအနေနဲ့ စစ်ကြောသူတွေရဲ့ မျက်နှာကိုမတွေ့စေလိုကြောင်း၊ သူက လဲကျသွားစဉ် သတိရလာဖို့ အဝတ်ကို ရေဆွတ်ပြီးသုတ်တာ၊ မျက်နှာကိုရေလောင်းတာ၊ ရှေးဦးသူနာပြုစုတာတွေလုပ်ခဲ့ပြီး မသေဆုံးခင် ဆေးရုံကို ပို့ခဲ့တာလို့ ဖြေပါတယ်။

ဘာကြောင့် စီစီကင်မရာဖျက်ခိုင်းလဲလို့မေးတော့ မမျှော်လင့်တဲ့ဖြစ်ရပ်ကြုံရလို့ သူလည်းလန့်ဖြတ်ပြီး ပြောမိပြောရာဖြစ်ကာ စခန်းက စီစီကင်မရာတွေလည်း နဂိုက ပျက်နေတာတွေလည်းရှိလို့ အကုန်ဖြုတ်ထားဖို့ပြောတာလို့ စခန်းမှူး ကျို့က ဖြေဆိုခဲ့ပြီး သေဆုံးသူရဲ့ မိဘဆွေ မျိုးများအားလုံးကိုလည်း တောင်းပန်ကြောင်း ပြောသွားပါတယ်။ 

ဒီအမှုကို တာဝန်ယူစုံစမ်းရတဲ့ အဖွဲ့ခေါင်းဆောင် ဒုရဲချုပ်ကြီး ဆူချတ် ထီရဆဒီကတော့ သတင်းထောက်တွေ ဒိထက်ပိုမေးရင် အမှုတွဲကို ထိခိုက်စေနိုင်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ အမှန်တရားအတိုင်း တရားမျှတစွာ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

10 months Ago
Up