မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သမားတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးပြီး ဖမ်းဆီးခံရတဲ့အခါ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေတွေ့ရင် ခြိမ်းခြောက်ပြီး ငွေအများကြီး တောင်းခံနေတယ်လို့ မဲဆောက်ရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။
မဲဆောက်မှာ နေထိုင်တဲ့ မြန်မာတဦးက “အရင်ကတည်းက မြန်မာမြင်ရင် ဖမ်းတယ်။ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် သူတို့လမ်းတွေ့ရင် စစ်တယ်ပေါ့။ အဲ့လိုစစ်လို့ အထောက်အထားပြည့်စုံရင် လွှတ်ပေးလိုက်တယ်။ ပိုက်ဆံပေးရလည်း ၅၀၀၊ ၁,၀၀၀ ပဲ။ အခုက ဖုန်းတွေပါယူစစ်ပြီး ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေ တွေ့ရင် ဘတ်သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တောင်းနေတယ်။ အခုဆို ကျမတို့ အပြင်ထွက်ပြီး အစားအသောက် ဝယ်ဖို့တောင် ကြောက်နေရတယ်” လို့ ပြောပါတယ်။
အဲ့ဒီလို ဖမ်းဆီးခံရတဲ့အခါမှာ မိန်းကလေး ငယ်ငယ်ချောချောလေးတွေဆိုရင် စခန်းကိုခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော့်ညီမ အဖမ်းခံရတယ် ဖုန်းဆက်လို့ လိုက်သွားတာ။ စခန်းရောက်တော့ ပိုက်ဆံညှိရင်းနဲ့ နောက်ဆုံး ၄,၀၀၀ ဖြစ်နေပြီ။ ကျနော်တို့က မတတ်နိုင်လို့ ၁,၀၀၀ လောက် ထပ်လျှော့ပေးပါပြောတော့ အဲ့ရဲက အဲ့ကောင်မလေးကို သူနဲ့ တညလာအိပ်ခိုင်းရင် လျှော့ပေးမယ်လို့ပြောတယ်။ ကျနော် တော်တော်ဒေါသထွက်တာဗျာ။”
အခုလို ဖမ်းဆီးငွေညှစ်နေတာတွေအပြင် ဖုန်းတွေအထိပါယူပြီး စစ်ဆေးရေးလုပ်တာက လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက ထိုင်းဘုရင်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ အတူတူဖြစ်အောင် လုပ်နေသလို ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။
“ဒါဟာ ထိုင်းဘုရင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာ။ မင်းအောင်လှိုင်နဲ့ တတန်းတည်းထားလိုက်တဲ့ သဘောပဲ။ ဘယ်အာဆီယံနိုင်ငံမှ လူတယောက်ကို စစ်ဆေးရင် ဖုန်းကို မစစ်ဘူး။ စစ်ဆေးမယ် ဆိုရင်လည်း ကာယကံရှင် ခွင့်ပြုချက်နဲ့ ရှေ့နေတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်စစ်ဆေးရတာမျိုးပါ။ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အပြင် လူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုလို့တောင် ပြောလို့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ UNHCR မှာ အများကြီးတာဝန်ရှိတယ်။”
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့က ဆေးလာကုတဲ့ PDF လူငယ်သုံးဦးကို ဖမ်းဆီးပြီး တရားမဝင် လမ်းကြောင်းတခုဖြစ်တဲ့ အင်ကြင်းမြိုင်ဂိတ်ကနေ စစ်ကောင်စီလက်ထဲကို လွှဲပြောင်းပေးခဲ့တာကြောင့် ရဲဘော်တဦး သေဆုံးကာ ကျန် ၂ ဦးမှာ မော်လမြိုင် အကျဥ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုမ်းဝမ်းနယ်မြေထဲမှာ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ဘတ်ငွေ ၁၀ သန်းကျော်တန်ဖိုးရှိ နာမည်ကြီးအာဟာရဆေးအတုနဲ့ အလှကုန်ပစ္စည်းတုတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မတ်လ ၂၄ ရက် ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အွန်လိုင်းပလက်ဖောင်းပေါ်မှာ နာမည်ကြီးအမှတ်တံဆိပ် တုပထားတဲ့ အာဟာရအားဖြည့်ဆေးအတု၊ အလှကုန်ပစ္စည်းအတုတွေ ရောင်းချနေကြောင်း ဝယ်ယူသုံးစွဲသူတွေက တိုင်တန်းလာတဲ့အတွက် စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး အနန် နာနာ ဆုမ်ဘတ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
စုံစမ်းစစ်ဆေးချက်အရ အဆိုပါပစ္စည်းတွေကို အွန်လိုင်းမှာပါ ရောင်းချနေတဲ့ ဆိုင်ပေါင်း ၁၅ ဆိုင် ခန့်တွေ့ရှိပြီး တစ်နေရာတည်းကနေ ယူငင်ဖြန့်ဖြူးနေတာလို့ သိရှိရတဲ့အတွက် ဆေးဝါးနဲ့ အစားအစာကွပ်ကဲရေးဌာန တာဝန်ရှိသူတွေနဲ့အတူ ပထုမ်းဝမ်းနယ်မြေ လောင်းမိုင်းရပ်ကွက်ရှိ အဆိုပါဂို ဒေါင်ကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဂိုဒေါင်ကနေ နာမည်ကြီးတံဆိပ်တွေတုပထားတဲ့ အာဟာရဖြည့်စွက်ဆေး၊ ဆေးဝါးအတုနဲ့ အလှကုန်ပစ္စည်း စတဲ့ အမျိုးအစားပေါင်း ၁၉ မျိုးရှိ ဂျပ်ဖာပေါင်း ၆၃၂၀ ဖာကို တွေ့ရှိပြီး စုစုပေါင်းတန်ဖိုး ဘတ် ၁၀ သန်းကျော်မယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
အသက် ၃၆ နှစ်ရွယ် Mr. Zhen Zetao ဆိုသူ တရုတ်အမျိုးသားက အဆိုပါဂိုဒေါင်အား ငှားရမ်းသူနဲ့ ပစ္စည်းပိုင်ရှင်ဖြစ်တယ်လို့ ဝန်ခံပြီး အဆိုပါပစ္စည်းတွေကို ထိုင်းနိုင်ငံနဲ့တကွ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချဖို့ တရုတ်ပြည်ကနေ မှာယူတင်သွင်းကြောင်း၊ အတုအပပစ္စည်းမှန်း မသိဘူးလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး အစာနဲ့ဆေးဝါးဆိုင်ရာဥပဒေအရ အစာတုပရောင်းချမှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
Source:ThaiRath