ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က ကွန်ဒိုတိုက်ခန်းနဲ့ ဘဏ်စာရင်းစာအုပ်ကို လက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့အပေါ် ပြန်လည်ရုပ်သိမ်းပေးဖို့ စစ်ခေါင်းဆောင်က တောင်းဆိုညှိနှိုင်းမှုတွေရှိနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း Move Forward Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်း ကတော့ ဦးထွန်းမင်းလတ်ရဲ့ အမှုဟာသိသာထင်ရှားတဲ့အမှုဖြစ်ပြီး သူဟာ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်တယ်ဆိုတာအားလုံးအသိဖြစ်တယ်၊ တောင်းဆို ညှိနှိုင်းမှုတွေလိုက်လျောပြီး သူတို့ပိုင်ဆိုင်မှုတွေပြန်ပေးလိုက်ရင် ထိုင်းနိုင်ငံရဲ့ တရားစီရင်မှု အချုပ်အခြာအာဏာကို တခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်တာကို လက်ခံလိုက်တဲ့ သဘောပဲလို့ ပြောပါတယ်။
“ဒီအမှုဟာ နိုင်ငံတကာရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုတွေနဲ့ ဆက်နွှယ်နေ တာဖြစ်တယ်၊ နိုင်ငံတကာကလည်း ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံနဲ့ နီးစပ်မှုရှိတာလား၊ ပတ်သက်နေတာလားဆိုပြီး မေးခွန်းထုတ်စရာရှိတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ မိမိအချုပ်အခြာအာဏာထဲမှာ သံသယရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခွင့်ရှိတယ်၊ ဥပဒေအတိုင်းဆောင်ရွက်ရမယ်”လို့ လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက ပြောပါတယ်။
မြန်မာခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ရဲ့ Allure Group ကုမ္ပဏီနဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ်ပါကျရိယန်ကွန်းရဲ့ အမှုကို တရားရုံးက သင်္ကြန်အပြီးမှာ စစ်ဆေးမယ်လို့ မူလကချိန်းဆိုထားပေမဲ့ နောက်ထပ် ရက်ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ Move Forward Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်း က ဧပြီ ၁၇ ရက်မှာ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်သလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် သားနဲ့သမီးပိုင်ဆိုင်မှုကိစ္စကိုပါ ထည့်သွင်းပြောကြားခဲ့တာပါ။
မြန်မာစစ်တပ်က လေယာဉ်ပေါ်ကနေ ဗုံးကြဲချတဲ့အကြမ်းဖက်မှုကြောင့် ကျောင်းသားငယ်လေး တွေအပါအဝင် လူပေါင်း ၁၇၀ ကျော်ထိခိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးလည်း အဆိုပါသတင်းစာရှင်းပွဲမှာ လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက ပြောသွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တောင်းဆိုမှုကို လိုက်လျောမယ်ဆိုရင် အကြမ်းဖက်ခံရတဲ့ မြန်မာပြည်သူ တွေရဲ့မျက်နှာ ထောက်ရှုငဲ့ညာဖို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းဗဟိုတရားရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းကိုးဆုတ်ဝပ် အင်ထုကျန်းရုန်းကတော့ အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ရဲ့အမှုရက်ချိန်းကို ရွှေ့ဆိုင်းလိုက်တာဟာ - နိုင်းဥပကစ်က ဧပြီ ၃ ရက်က ဗဟိုတရားရုံးချုပ်ကို စာပို့ထားတာရှိတယ်၊ အဲဒီစာထဲမှာ မူးယစ်တရားခံတွေ ငွေလွှဲခဲ့တာဟာ Allure ကုမ္ပဏီတစ်ခုတည်းမကဘဲ တခြားကုမ္ပဏီကနေလည်း လွှဲခဲ့တယ်၊ ဘာကြောင့် သူတို့ကုမ္ပဏီကိုဘဲဦးတည်အရေးယူတာလဲ၊ သူဟာ ဝန်ကြီးချုပ်ပရာယုဒ် ကျန်အိုချားရဲ့ လူမ့်ထိုင်းဆန့်ချတ်ပါတီရုံးခန်းအတွက် မြေကွက်နဲ့ အဆောက်အဦ ထောက်ပံ့ခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးအရ တိုက်ခိုက်ခံနေရသလားဆိုတာကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆို ထားတယ်။
ပြီးတော့ သူပိုင်ဆိုင်တဲ့ သူနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီပေါင်း ၈၀ ကျော်ကို အထူးစုံစမ်းရေးကော်မတီ၊ စသုံးလုံးရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆေးနေတာ မပြီးပြတ်သေးလို့ အမှုရက်ချိန်းရွှေ့ထားရတာလို့ သတင်းထောက်တွေကို ပြောပါတယ်။
လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက “တရားရုံးအနေနဲ့ နိုင်းဥပကစ်ရဲ့ အမှုကို ပြစ်မှုထင်ရှားတဲ့ ထွန်းမင်းလတ်အမှုနဲ့ ယှဉ်တွဲလုပ်ဆောင်ရမှာဖြစ်တယ်၊ ကုမ္ပဏီပေါင်း ၈၀ ကိစ္စ နောက်မှစစ်ဆေးရမှာဖြစ်တယ်။ ဘာကြောင့်တုံ့ဆိုင်းနေတာလဲ၊ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လာဘ်စားမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနအနေနဲ့လည်း ဒီအမှုအပေါ်မှာ ကိုင်တွယ်ဆောင်ရွက်မှုနှောင့်နှေးကြန့်ကြာနေတယ်”လို့ ဝေဖန်လိုက်ပါတယ်။
နိုင်းဥပကစ် နဲ့ ဦးထွန်းမင်းလတ်တို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက တာချီလိတ်နဲ့ မယ်ဆိုင်မှာ ဟိုတယ်လုပ်ငန်း၊ ကာရာအိုကေ၊ ကာစီနိုကစားဝိုင်းနဲ့ လျှပ်စစ်ဓာတ်အား ရောင်းဝယ် ဖြန့်ဖြူးရေးတွေ အတူတကွလုပ်ကိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နိုင်းဥပကစ်က အဆိုပါလုပ်ငန်းတွေကို သမက်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပြီး သူကတော့ နိုင်ငံရေးလောကထဲပါဝင်ကာ အထက်လွှတ်တော်အမတ်ဖြစ်လာ ခဲ့ပါတယ်။
ထိုင်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မူးယစ်ဆေးဝါးဂိုဏ်းတွေဖမ်းဆီးရမိခဲ့ပြီး သူတို့ငွေစာရင်းတွေ ပြန်လည်စစ်ဆေးရာမှာ Allure ကုမ္ပဏီထဲကို ငွေကြေးအမြောက်အမြားလွှဲထားတာတွေ့ရှိလို့ ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ကိုယ်ရေးအရာရှိ၊ ကုမ္ပဏီမန်နေဂျာ (နိုင်းဥပကစ်ရဲ့သားမက်)နဲ့ ကုမ္ပဏီစာရင်းကိုင်ဝန်ထမ်းတွေ ဖမ်းဆီးခံထားရပြီး ကုမ္ပဏီနဲ့ပတ်သက်သူတို့ရဲ့ ဘဏ်ငွေစုစာအုပ်၊ ကွန်ဒိုတိုက်ခန်း၊ မော်တော်ကား၊ ဟိုတယ်၊ မြေကွက်တွေပါတဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၀၀၀ ကျော်သိမ်းဆည်းခံထားရပါတယ်။
အဆိုပါ အသိမ်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံရဲ့အမည်ပေါက် ကွန်ဒိုတိုက်ခန်းနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ထိုင်းငွေစုဘဏ်စာအုပ်တွေပါ ပါဝင်နေပါတယ်။
ဦးထွန်းမင်းလတ်နဲ့ နိုင်းဥပကစ်တို့ဟာလည်း မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်မှုတွေနဲ့ တရားစွဲခံထားရတာပါ။
ကိုးကား - Nation TV / Thai PBS / Workpoint News
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ပတ်သက်လို့ သိကျွမ်းခဲ့ဖူးတာမှန်ပေမဲ့ သူနဲ့အတူ တရားမဝင်စီးပွားရေးတွေ ပူးပေါင်းဆောင်ရွက်ဖူးခြင်းမရှိကြောင်း ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်းက ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ စက်တင်ဘာ ၁၇ ရက် က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ ၄ ဦးဆီက ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
ထွန်းမင်းလတ်ဟာ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်နဲ့ သတ္တုတွင်းလုပ်ငန်းတွေအပြင် မြန်မာစစ်ကောင်စီအတွက် လက်နက်ပစ္စည်းတွေဝယ်ပေးတဲ့ ပွဲစားအဖြစ်လူသိများသူဖြစ်ပါတယ်။
မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ဟိုတယ်လုပ်ငန်းပိုင်ဆိုင်ခဲ့ဖူးတဲ့ ထိုင်းလွှတ်တော်အမတ် မစ္စတာအူပါကစ်ဟာ ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်သူအဖြစ် သံသယရှိကြောင်း သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
ထွန်းမင်းလတ်ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုတောင် သူသေချာမသိခဲ့ကြောင်းနဲ့ အခုမှ သတင်းတွေကို လိုက်ပြီးလေ့လာနေရကြောင်း ထိုင်းလွှတ်တော်အမတ် အူပါကစ်က ပြောပါတယ်။
လက်နက်ရောင်းဝယ်ရေးကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ကြောင်းနဲ့ ထွန်းမင်းလတ်ကိုလည်း မြန်မာစစ်ကောင်စီနဲ့ ပစ္စည်းရောင်းချသူတွေကြားက ညှိနှိုင်းသူ ကိုယ်စားလှယ်အဖြစ်သာ သိရှိထားကြောင်း အူပါကစ်က ပြောပါတယ်။
“လွန်ခဲ့တဲ့ရှစ်နှစ်က ကျနော့်မိဘတွေဆုံးသွားတဲ့ အချိန်ကစပြီး ကျနော်ဗုဒ္ဓရဲ့အဆုံးအမတွေကို သေချာလိုက်နာခဲ့ပါတယ်။ ကုသိုလ်တွေလုပ်ပြီး ပါဏာတိပါတာကံကိုလည်း မကျူးလွန်တော့ပါဘူး။ ဒီလိုစီးပွားရေးမျိုးကို ကျနော်စိတ်ဝင်စားဖို့ အကြောင်းလည်းမရှိပါဘူး။”
တာချီလတ်မှာ ဟိုတယ်လုပ်ငန်းကိုပိုင်ဆိုင်ခဲ့ပေမယ့် လွှတ်တော်အမတ်ဖြစ်မလာခင် ၂၀၁၅ ခုနှစ်မှာ ပြန်လည်ရောင်းချခဲ့ပြီး တာချီလတ်ကို မရောက်ဖြစ်တာ ရှစ်နှစ်ရှိပြီလို့ ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။
“လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အေဂျင်စီက ကျနော့်ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီးတော့မှ လွှတ်တော်အမတ်ဖြစ်ခဲ့တာပါ။ ကျနော့်မှာလျှို့ဝှက်ထားစရာ ဘာမှမရှိပါဘူး”လို့ အူပါကစ်က ပြောတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းမှာရေးသားဖော်ပြပါတယ်။
မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ဟာ လက်ရှိထိုင်းအထက်လွှတ်တော်အမတ်ဖြစ်တဲ့ အူပါကစ်အပါအဝင် သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ခဲ့တဲ့ စီးပွားရေးကွန်ရက် Allure Group ကတဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။
Allure ကုမ္ပဏီက ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားပါတယ်။
ထွန်းမင်းလတ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦး ဖြစ်ပါတယ်။
Allure နဲ့ Star Sapphire Group ကနေ တဆင့် ထွန်းမင်းလတ်ဟာ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေပါတယ်။
ထွန်းမင်းလတ်ဟာ Myanmar Business Consultant Group Ltd မှာ ဒါရိုက်တာ၊ ရှယ်ယာရှင်တစ်ဦးအနေနဲ့ မဟုတ်တော့ပေမယ့် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ အဲဒီစီမံကိန်းက စက်ရုံတစ်ရုံရဲ့ မြေနေရာဟာ စစ်တပ်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားတာ ဖြစ်ပါတယ်။
သြဂုတ်လ၂၄ ရက်နေ့မှာ ယူကေက Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ပေးတာနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူဖြစ်စေတဲ့ ငွေကြေးပံ့ပိုးမှုတွေ လုပ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။
Ref- BangkokPost/ Justice For Myanmar