close

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

close

May 2, 2023

ရွေးကောက်ပွဲဝင်မည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး သားလေး မွေးဖွား

လာမယ့် ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ ထိုင်းအတိုက်အခံ ဖွေထိုင်းပါတီကနေ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံမယ့် အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်းထန်းရှင်နာဝပ်ဟာ မေလ ၁ ရက် မနက်ပိုင်းမှာ သားလေးတဦးကို မွေးဖွားခဲ့ပါတယ်။

သူ့ရဲ့လုံခြုံရေးအရ ဘယ်ဆေးရုံဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘဲ သားလေးမွေးဖွားကြောင်းနဲ့ သူရဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရရှိတဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် ၇ ယောက်မြောက်မြေးကို မွေးဖွားခဲ့တာဖြစ်ပြီး နာမည်ကို ဖရိုတ်ထားဆင် ဆုခ်ဆဝပ် (ထားဆင်) လို့ ပေးထားကြောင်း သူရဲ့ အင်စတာဂရမ်မှာ အသိပေးထားပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မစ္စ ဖဲထောင်းထန်းက ဒုတိယမြောက်ကလေးကို ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်အကြာမှာ မွေးဖွားခဲ့တာဖြစ်ပြီး မမွေးဖွားခင် ကိုယ်ဝန်အရင့်အမာနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ ထိုင်းပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။

လာမယ့် မေလ ၆ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ပေးခွင့်ရမှာဖြစ်ပြီး ထိုင်းအတိုက်အခံ ဖွေထိုင်းပါတီရဲ့ ခေါင်း​ဆောင် မစ္စဖဲထောင်းထန်းရှင်နာဝပ်က ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ကို သူ့ပါတီက အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ထားပြီး အပြတ်အသတ်နိုင်ခဲ့ရင်တော့ ဝန်ကြီးချုပ်အသစ် ဖြစ်လာမှာလို့ ထိုင်းနိုင်ငံ ဒေသတွင်းမီဒီတွေက ဖော်ပြထားပါတယ်။

Source - The Nation Thailand

5 mins Ago

October 18, 2022

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ကိုယ်တိုင်ရေးစာအုပ်သစ် ရောင်းကောင်း

နိုင်ငံရေးပြဿနာကြောင့် ပြည်ပမှာနှစ်ရှည်လများခိုလှုံနေရတဲ့ ဖွေထိုင်းပါတီခေါင်းဆောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သူ့ဘဝအတွေ့အကြုံတွေ အပေါ်အခြေခံပြီး ရေးသားထားတဲ့ “THAKSIN SHINAWATRA Theory and Thought” အမည်ရှိ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေလိုက်ပါတယ်။

သက်ဆင်ရှင်နာဝပ်ရဲ့ သီအိုရီနဲ့ အတွေးအခေါ်လို့ အဓိပ္ပာယ်ရတဲ့ အဆိုပါစာအုပ်ကို အောက်တိုဘာ ၁၅ ရက်နေ့က ဘန်ကောက် သီရိခေတ်အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့  ၂၇ ကြိမ်မြောက် အမျိုးသားအဆင့် စာအုပ်စာပေပွဲတော်မှာ တည်ခင်းရောင်းချခဲ့တာမှာ အချိန်အနည်းငယ်အတွင်း အားလုံးရောင်းကုန်သွားခဲ့တယ်လို့ The Voice ထိုင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့စာအုပ်ကို စာအုပ်ပွဲခင်းရဲ့ နေရာတနေရာမှာ သစ်လွင်ဆန်းပြားတဲ့ အဆင်အပြင်တွေနဲ့ ခင်းကျင်းပြီး အမှတ်တရ ချည်သားလွယ်အိတ်၊ တီရှပ်အင်္ကျီတွေနဲ့ တွဲပြီးရောင်းချသလို စာအုပ်လာဝယ်သူ ဦးရေ  ၁၂၀ အတွက် စာရေးသူကိုယ်တိုင် ဒူဘိုင်း နိုင်ငံကနေပြီး တယ်လီပရင်တာစနစ်နဲ့  အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ 

စာရေးသူရဲ့ လက်မှတ်ကိုရရှိဖို့ ၂ နာရီကြာ သွားရောက်တန်းစီခဲ့ရတယ်လို့ စာဖတ်သူ ပရိသတ်တဦးက သတင်းထောက်ကို ပြောပါတယ်။

နောက်ကျမှရောက်သွားသူတွေကတော့ စာအုပ်စင်မှာ စာအုပ်အစား စာအုပ်ကုန်သွားလို့ တောင်းပန်ကြောင်း၊ လောလောဆယ် ထပ်မံပုံနှိပ်ထားပြီး အွန်လိုင်းကနေ ကြိုတင်မှာယူဖို့ ကြော်ငြာထားတဲ့ စာတန်းကိုသာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါစာအုပ်မှာ ဝန်ကြီးချုပ်ဟောင်းရဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်း ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ နိုင်ငံရေးလောကထဲ ဝင်ရောက်လာရခြင်း၊ နိုင်ငံရေးပါတီထူထောင်ခြင်း၊ အာဏာသိမ်းခံရခြင်းအကြောင်း၊ မိမိကိုယ်မိမိ သိမြင်ချက်နဲ့ အပြင်လူက မိမိအပေါ်သိမြင်ပုံ၊  အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ သား၊ သမီး၊ မြေး၊ မြစ် စတဲ့မတူညီတဲ့ အသက်အပိုင်းအခြား၊ မတူညီသောအမြင်အမျိုးမျိုးရှိ မိသားစုထဲမှာ တဦးပေါ်တဦး နားလည်မှုနဲ့ သာယာချမ်းမြေ့သော အိမ်ထောင်စုကြီးတည်ဆောက်ပုံ၊ အလားတူ မတူညီသောအမြင်အမျိုးမျိုးနဲ့ တိုင်းပြည်ကို သာယာဝပြောအောင် စီမံအုပ်ချုပ်ခြင်း၊ လူ့လောကကြီးထဲ ဝင်လာတဲ့အခါ ငရဲကိုလည်း တွေ့ရသလို  နတ်ပြည်လိုလည်း နေရကြောင်း၊ ဘဝကို ဘယ်လိုရင်ဆိုင်နေထိုင်သင့်တဲ့ အကြောင်းတွေ  ရေးသားထားပါတယ်။

ဒီစာအုပ်ဟာ နိုင်ငံရေးလောကထဲဝင်ရောက်မယ့် မျိုးဆက်သစ်လူငယ်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တအုပ်ဖြစ်သလို အတိုက်အခံပါတီတွေဟာလည်း တဖက်သားအမြင်ကို နားလည်ပေးဖို့၊ အမြင်မတူ ရန်သူလို သဘောထားမှုတွေ ရှောင်ကြဉ်ဖို့ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ဖြစ်တယ်လို့  နိုင်ငံရေးပါတီဝင်တဦးက သတင်းထောက်ကို ပြောသွားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ “ကံတရားနဲ့ ကံတရားကိုဖန်တီးသူ”၊ “ သက်ဆင်နှင့် ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်း” စတဲ့စာအုပ်တွေလည်း ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။

ကိုးကား- TheVoice/ Prachachat/Komchadluek/

7 months Ago
Up