ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ကူစက်ပျံ့ပွားမှု မြင့်တက်လာမှာကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့ ဒေသ ၅၀ ထဲက နေရာ ၃ ခုမှာသာ ဆုန်ကရန်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမယ်လို့ သည်နေရှင်း ထိုင်းသတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (ဒီဒီစီ) ကတော့ ဒီပွဲတော်ပိတ်ရက်ကာလတွေအတွင်း ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘူးဆိုရင် နေ့စဉ် ရောဂါကူးစက်မှုနှုန်းဟာ ၁ သိန်းထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (ဘီအမ်အေ) အမြဲတမ်းအတွင်းဝန် ခါဂျစ် ချက်ချာဗန်နစ်ချ်က ဖုရားခနောင်း၊ ဘန်ဗွန်းနဲ့ လတ်ဖရောင်းစတဲ့ မြို့တော်ရဲ့ ဒေသ ၃ ခုမှာသာ အများပြည်သူနဲ့ဆိုင်တဲ့ ဆုန်ကရန်သင်္ကြန်ပွဲတော်တွေ ရိုးရာဓလေ့ထုံးတမ်းနဲ့အညီ ရောဂါထိန်းချုပ်ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီ ကျင်းပခွင့်ပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“ပွဲတော်ကျင်းပတဲ့ နေရာတွေမှာ အရက်သေစာ သောက်စားမူးယစ်တာ၊ ရောင်းချတာ၊ ရေမြုပ်ပါတီတွေ၊ ရေပက်ကစားတာတွေ၊ ပေါင်ဒါလိမ်းကျံ ပျော်ပါးကစားတာမျိုးတွေကိုတော့ တားမြစ်ထားမှာ ဖြစ်ပါတယ်။ ပါဝင်ဆင်နွှဲသူတွေဟာ နှာခေါင်းစည်း Mask တွေ တပ်ဆင်ထားရမှာဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ရပါမယ်။”
လာမယ့် ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အတွင်းမှာတော့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (ဘီအမ်အေ) က မြို့တော်ရဲ့ အဓိကကျတဲ့ လမ်းမတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ တာဝန်ချထားမှာဖြစ်ပြီး အများနဲ့ ဆိုင်တဲ့ နေရာတွေမှာ ရေပက်ကစားတာတွေ၊ ပေါင်ဒါလိမ်းကျံ ပျော်ပါးကစားတာမျိုးတွေ၊ ရေမြုပ်ပါတီတွေ ပြုလုပ်တာမျိုးတွေ တားမြစ်ထားတာတွေကို လိုက်နာစေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ် ၂၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၉ ယောက် ရှိနေခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနေ့စဉ် ၄ သောင်းခွဲလောက် ရှိနေတာကြောင့် လာမယ့်သင်္ကြန်ပွဲကို စည်းကမ်းချက်တွေနဲ့အညီ ကျင်းပဖို့ ထိုင်းအစိုးရပြန်တမ်းဌာနက မတ်လ ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ လာမယ့်သင်္ကြန်ပွဲတော်ကို ခွင့်ပြုချက်ရတဲ့နေရာတွေမှာသာ ကျင်းပဖို့၊ လူ ၅၀၀ နဲ့အထက် ပါဝင်မယ့် သင်္ကြန်ပွဲကို သက်ဆိုင်ရာထံ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။
ပွဲတော်ကျင်းပမယ့် နေရာဟာ ကျယ်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ ဟင်းလင်ပြင်မှာ ကျင်းပဖို့၊ ပွဲကျင်းပရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကင်းစင်မှုပေါ် တာဝန်ယူမှု တာဝန်ခံမှုနှင့်ဆောင်ရွက်ဖို့ ၊ ခွင့်ပြုချက်ရထားတဲ့ လူဦးရေပမာဏထက်မပိုအောင်ကျင်းပဖို့၊ ပွဲခင်းအဝင်အထွက် နေရာတွေမှာ အပူချိန်တိုင်းကရိယာ၊ လက်ဆေးအရက်ပျံထားရှိပြီး အမည်စာရင်းတင်သွင်းဖို့၊ ပွဲခင်းထဲလာမယ့်သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံပြီးကြောင်း သက်သေအထောက်အထားပြဖို့၊ သက်ကြီးရွယ်အိုတွေ သင်္ကြန်မတိုင်ခင် တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံဖို့၊ ပွဲခင်းထဲဝင်လာသူအားလုံး Mask တချိန်လုံးတပ်ထားပြီး တဦးနှင့်တဦး ခပ်ခွါခွါနေဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
သင်္ကြန်ပွဲတော်မှာ ဘုရားရေသပ္ပာယ်တာ၊ လူကြီးသူမတွေကို ပူဇော်ကန်တော့တာ၊ စီတန်းလှည့်လည်တာ၊ အတီးအမှုတ် အကအခုန်နဲ့ ဖျော်ဖြေရေးတွေ ဒေသဆိုင်ရာ ရိုးရာဓလေ့ယဉ်ကျေးမှု အတိုင်းသာ ကျင်းပခွင့်ရှိပါတယ်။
တစ်ဦးနဲ့တစ်ဦး ရေကစားရာမှာ လက်နဲ့ ဖျန်းပက်ရုံသာခွင့်ပြုပြီး လမ်းမပေါ်ထွက်ပြီး ရေမကစားရ၊ ပေါင်ဒါမှုန့်များမဖြူးရမဖြန်းရ၊ ရေမြှုပ်ပါတီမလုပ်ရ၊ သင်္ကြန်ပွဲကျင်းပရာနေရာတဝိုက် အရက်နဲ့ ဘီယာမရောင်းချရ၊ မသောက်စားရ စတဲ့အချက်တွေ ပါဝင်ပါတယ်။
သင်္ကြန်ကာလ နေရပ်ပြန်မယ့်သူတွေ၊ ခရီးသွားလာမယ့်သူတွေအနေနဲ့ ၇၂ နာရီအတွင်း ATK စစ်ဆေးပြီး ကိုဗစ်ကင်းစင်မှခရီးထွက်ဖို့၊ ခရီးထွက်ပြီး အိမ်ပြန်ရောက်တော့လည်း မိမိဖာသာ ကွာရန်တင်းဝင်ပြီး အခြေအနေစောင့်ကြည့်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကလည်း သင်္ကြန်ပွဲကို ကိုဗစ်-၁၉ ကင်းစင်စွာဆင်နွှဲနိုင်ဖို့ စည်းကမ်းသတ်မှတ်ချက်တွေကို ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေကွပ်ကဲရေး ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ပါသေးတယ်။
အဆိုပါအချက်ထဲမှာ ရေမကစားရဆိုတဲ့အချက်ပါ ပါဝင်တာကြောင့် ဘန်ကောက်နဲ့ ချင်းမိုင်လို မြို့တော်ကြီးတွေမှာ လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေ၊ ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်လုပ်တာတွေ ၂၀ ရာနှုန်းသာရှိလို့ စည်းကမ်းချက်သုံးသပ်ပြင်ဆင်ဖို့ သက်ဆိုင်ရာခရီးသွားလုပ်ငန်းဌာနက ကိုဗစ်ဗဟိုကော်မတီကို တင်ပြခဲ့ပါတယ်။
ဒါပေမဲ့ မနေ့က အစိုးရထုတ်ပြန်ချက်မှာတော့ ရေကစားခွင့်မပြုဘဲ ရိုးရာဓလေ့ ထုံးစံအတိုင်းကျင်းပဖို့သာ ဖော်ပြထားပါတယ်။