ပြီးခဲ့တဲ့ ဩဂုတ်လက ဝန်ကြီးချုပ်တာဝန် ယာယီရပ်ဆိုင်းခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားဟာ အခြေခံဥပဒေတရားရုံးက ဂျူရီတရားသူကြီးတွေရဲ့ ဒီကနေ့ စက်တင်ဘာ ၃၀ ရက် ဆုံးဖြတ်ချက်အရ ရာထူးကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ကုန်၊ မကုန်ကို တရားသူကြီး ၉ ယောက်က အခြေခံဥပဒေ ၃ ရပ်နဲ့ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ၆ မဲက ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ပုဒ်မ ၁၅၆ အပိုဒ် ၄ ကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ရာထူးကို ၂၀၁၇ ဧပြီလ ၆ ရက်မှ စတင်ရေတွက်တာကြောင့် သူ့ရာထူးဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်ကျမှ ၈ နှစ်သက်တမ်း ပြည့်မှာပါ။
ဒါကြောင့် ဗိုလ်ချုပ်ကြီးပရာယုဒ်ဟာ နောက်ထပ် ၂ နှစ်ကျော် ဆက်လက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
တရားသူကြီးက ဆုံးဖြတ်ချက်ဖတ်ကြားပြီး ၅ မိနစ်အတွင်းမှာပဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က အခြေခံဥပဒေတရားရုံး တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း၊ သူ့ကို အားပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ကျန်ရှိတဲ့ ဝန်ကြီးချုပ် သက်တမ်းမှာ ဘယ်အစိုးရလက်ထက်မှာမှ မရှိဘူးသေးတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လျာထားချက် စီမံကိန်းတွေ အားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် အားထုတ် ဆောင်ရွက်သွားမယ့်အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရှည်လျားတဲ့စာတစောင် ရေးသားခဲ့ပါတယ်။
အခြေခံဥပဒေတရားရုံး ဆုံးဖြတ်ချက်ကို လူကိုယ်တိုင် လာရောက်နာကြားခြင်းမရှိဘဲ အချိန်တိုတိုအတွင်း ရှည်လျားတဲ့ ကျေးဇူးတင်စကားကို ရေးတင်လိုက်တာဟာ သူမပြုတ်ဘူး ဆိုတာကို ကြိုတင်သိနေတဲ့ သဘောပဲလို့ လူများစုက ဝေဖန်နေကြပါတယ်။
အတိုက်အခံပါတီများကိုယ်စားလှယ် နိုင်းဆုထင်းခလန်းဆိုင်ကတော့ ဝန်ကြီးချုပ် ပရာယုဒ်ဟာ အာဏာသိမ်းတာနဲ့ ထည့်တွက်ရင် ရာထူးကို ၁၀ နှစ်ထိ ယူလိုက်ကြောင်း၊ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးကို ဝန်ကြီးချုပ် ပရာယုဒ် တာဝန်ယူရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အတိုက်အခံ လွှတ်တော်အမတ်တွေအနေနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ဖို့ ဒီညနေမှာ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ပရာယုဒ်ဟာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ်စဖြစ်တဲ့ နေ့ရက်ကနေ တွက်ချက်ရင် ဒီ ၂၀၂၂ ဩဂုတ် ၂၄ ရက်မှာ ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်ပြီဆိုတဲ့ ဥပဒေနဲ့ နုတ်ထွက်ပေးဖို့ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။
ဒါပေမဲ့ အခြေခံဥပဒေတရားရုံးက စစ်ကောင်စီ အာဏာရပြီးမှ အသစ်ပြန်ဆွဲတဲ့ အခြေခံဥပဒေနဲ့ ဆုံးဖြတ်လိုက်တာကြောင့် သက်တမ်းပိုရှည်သွားခဲ့တာပါ။
ဝန်ကြီးချုပ်နုတ်ထွက်ရေး ဆန္ဒပြတဲ့ အဖွဲ့တွေကလည်း ဒီကနေ့ညနေ ဘန်ကောက်မြို့လယ် ရာ့ချ်ပဆုန်လမ်းဆုံမှာ စုဝေးဆန္ဒပြဖို့ ပြင်ဆင်နေကြပါတယ်။
ထိုင်းဝန်ကြီးချုပ်အဖြစ် ၈ နှစ်သက်တမ်း ကန့်သတ်ချက်ထက် ကျော်လွန်နေပြီလားဆိုတာ ဆုံးဖြတ်ဖို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ရာထူးသက်တမ်းအမှုနဲ့ ပတ်သက်ပြီး ထိုင်းအခြေခံဥပဒေ တရားရုံးက စက်တင်ဘာ ၃၀ ရက်မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။
အတိုက်အခံ ပွေထိုင်းပါတီက တရားရုံးမှာ တရားစွဲထားလို့ ခုံရုံးတင်ချိန်မှာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်ကနေ ဆိုင်းငံ့ထားပါတယ်။
သူ့လက်ထောက်ဖြစ်သူ ပရာဝစ် ဝုန်ဆူဝမ်က တရားရုံးစီရင်ချက်ကို ဆိုင်းငံ့ထားပြီး အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ဟာ ရွေးကောက်ခံ ပွေထိုင်းအစိုးရကို ဖြုတ်ချဖို့ ၂၀၁၄ ခုနှစ် မေလမှာ အာဏာသိမ်းခဲ့ပြီး သူ့ရဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးကို အဲဒီနှစ် စက်တင်ဘာလမှာ ဘုရင်က တရားဝင် အသိအမှတ် ပြုခဲ့ပါတယ်။
စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ၂၀၁၉ ခုနှစ်မှာ ပရာယွတ်ဟာ အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ပရာယွတ်ရဲ့ သက်တမ်းကန့်သတ်ချက်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု နှစ်ကြိမ်နဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ အပါအဝင် နှစ် ၂၀ နီးပါး အဆက်မပြတ် နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတဲ့ နောက်ဆုံးအပိုင်းပါ။
နိုင်ငံရေးမှာ စစ်ဘက်ဆိုင်ရာ အတိုက်အခံအင်အားစုက ပါဝင်လာနေသလို နိုင်ငံရေး အသိအမြင် ကြီးထွားလာတာနဲ့အမျှ ကိုယ်စားပြုမှု ပိုရဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ဘုရင့်မယ်တော်ကြီး သီရိခေတ်ရဲ့ ကိုယ်ရံတော် အစောင့်တပ်မှာ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။