close

ထိုင်းအာဏာပိုင်

close

April 9, 2023

မြန်မာစစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့

ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်တွေက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်လို့   စစ်ဘေးရှောင်ပြည်သူတွေ ဧပြီ ၉ ရက် မနက်ကစတင်ပြီး ထိုင်းအာဏာပိုင်တွေက  ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၃ နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထီ့ကော်ထော၊ ရိက္ခာကုန်း၊ ထီးချာရား၊ ၆၀၆၊ ၁၁၅၃ စတဲ့ အနီးတဝိုက်ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ကို နယ်ခြား စောင့်တပ် (BGF)  အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်တဲ့အပြင်  ပြန်လည်နေထိုင်ဖို့ခေါ်ယူခဲ့တဲ့အတွက် ထိုင်အာဏာပိုင်တွေက အခုလိုပြန်လည်ပို့ဆောင်နေတာပါ။

စစ်ဘေးရှောင်ပြည်သူတဦးက “ဒီမနက်ဘဲ ပြန်ပို့ပေးနေတာ။ စစ်ရှောင်အားလုံးကို ပြန်လာနေထိုင်လို့ရပြီ။ ပြန်လာဖို့ ဗိုလ်မှူးကြီးစောချစ်သူက ဒေသခံ ဆရာတော်တွေဆီကိုလည်း ဖုန်းဆက်ပြီးပြောတယ်။ အခုစခန်းလိုက် ပြန်နေကြပြီ” လို့ ပြောပါတယ်။

နယ်မြေတည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ကု (၁၀ရပ်ကွက်) မှာရှိတဲ့ ပြောင်းဂိုဒေါင်၊ ဝမ့်ဖန် (ဘုန်ကြီးကျောင်း သစ်)၊ ဗမာဆေးခန်း စတဲ့  စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေက အသုတ်လိုက် မော်တော်ယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

“ဒီဘက်က အာဏာပိုင်တွေက ကားနဲ့အသုတ်လိုက် ပြန်ပို့ပေးနေတယ်။ ကျနော်တို့ ဝမ့်ဖန်စစ်ရှောင်စခန်းက ပြည်သူတွေကိုတော့ ထမင်းကျွေးပြီး ညနေလောက်ပြန်ပို့ဖို့ စီစဉ်ထားတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း ထီ့ကော်ထာကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံပြည်သူ ၂ ဦး လက်နက်ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရိက္ခာကုန်းမှာရှိတဲ့ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းပါ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းတွေကို ဧပြီ ၅ ရက်နေ့ မနက် ၄ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ရာမှ ၆ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ ကျော်နဲ့ မော်တော်ယာဉ်တွေကို သိမ်းဆည်းရမိခဲ့သလို BGF ကင်းစခန်း ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

12 hours Ago

March 7, 2023

မဲဆောက်တွင် မြန်မာဒုက္ခသည်အရေး ဆန္ဒပြခဲ့သည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှာ မြန်မာဒုက္ခသည်အရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ Maesot Refugee Voice အဖွဲ့ဝင် အမျိုးသမီးတဦးကို မတ် ၆ ရက် ညပိုင်းက ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ Maesot Refugee Voice အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီလောက်က အဆိုပါ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ ဟွေးကလုတ်ရှိ မိတ်ဆွေတဦးရဲ့အလှူကိုသွားပြီး ပြန်အလာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မဲဆောက်မြို့၊ ကမ်းနဖူးမှာရှိတဲ့ အချုပ်မှာ ထည့်ထားပြီး ဖုန်းကို သိမ်းထားတယ်လို့ ဆိုပါတယ်။

Maesot Refugee Voice အဖွဲ့က တာဝန်ရှိသူတစ်ဦးက  “မနေ့က ညက ဖမ်းခံရတာ။ ဖမ်းခံရရချင်း ကျနော်တို့ကို လှမ်းဆက်သွယ်တယ်။ ပုံတွေလည်း ပို့ပေးတယ်။ အလှူတခုမှာ သွားကူရင်း အပြန်မှာ တောမောင်း (လဝကရဲ) က ဖမ်းသွားတာ။ ပြီး​တော့ ကမ်းနဖူး အကျဥ်းဆောင်ကို ခေါ်သွားတယ်လို့ ပြောတယ်၊ UNHCR ကိုလည်း ဆက်သွယ်ထားတယ်၊ သူတို့လိုက်လုပ်နေပြီလို့တော့​ ပြောတာပဲ” လို့ ပြောပါတယ်။

ဖမ်းခံရတဲ့အမျိုးသမီးဟာ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြကြွေးကြော်ရာမှာပါဝင်ခဲ့ပြီး မြန်မာပြည်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ရပြီးတော့ မဲ​ဆောက်မြို့မှာ ရဲကတ်နဲ့ နေထိုင်ခဲ့ကာ ဒုက္ခသည်တွေကို ကူညီပေးဖို့နဲ့ တ်သက်ပြီး တောင်းဆိုနေသူတစ်ယောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေစတင်ပြီး ထိုင်းစစ်တပ်နဲ့ လ.ဝ.က တို့ ပူးပေါင်းပြီး တရားမဝင် နိုင်ငံသားတွေကို ဖမ်းဆီးတာ ပိုမိုများလာခဲ့ပြီး မတ် ၃ ရက်နေ့ကလည်း UNHCR ရုံးကို ဒုက္ခသည်အရေး ဆန္ဒပြတောင်းဆိုဖို့လာတဲ့ လူတစ်ဦးကို မဲ​ဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

1 month Ago
Up