close

ထိုင်း ရဲအရာရှိ

close

August 2, 2022

ထိုင်းတွင် ရဲအရာရှိက ဇနီးဖြစ်သူအား သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ထိုင်းနိုင်ငံမှာ စိတ်ကျရောဂါခံစားနေရတယ်လို့ ယူဆရတဲ့ ရဲအရာရှိတယောက်ဟာ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက်မှာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ မနေ့က ဩဂုတ် ၁ ရက်ညပိုင်းက ဆွိုင်ယောက်ခရိုင်ရဲစခန်းတန်းလျားတခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ည ၉ နာရီလောက်က တွေ့ရှိခဲ့ရတယ်လို့ တာဝန်ကျ ရဲအရာရှိ ဆူပါရက်ခ် ချန်မီးက ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် ရဲအရာရှိ ဆွန်မ်ဆက်ခ် တာ့ခ်လွန်မ်နဲ့ အသက် ၄၉ နှစ်အရွယ် ဇနီး နွန်လပ်ခ်တို့ သေဆုံးသွားပြီး မှုခင်းဆရာဝန်နဲ့ ရဲအရာရှိတွေ ရုပ်အလောင်းတွေကို စစ်ဆေးကြည့်ချိန်မှာ အမျိုးသမီးရဲ့ မျက်နှာ၊ ရင်ဘတ်၊ လက်မောင်းတို့နဲ့ ရဲအရာရှိကတော့ ညာဘက်နားထင်မှာ သေနတ်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ရဲ့အလောင်းဘေးမှာတော့ သေဆုံးရဲအရာရှိ ဆွန်မ်ဆက်ခ်ကိုင်ဆောင်တဲ့ Sig Sauer P320 အမျိုးအစား ပစ္စတိုသေနတ်တလက်ကို တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဆွန်မ်ဆက်ခ်ဟာ နေအိမ်မှာ များသောအားဖြင့် တယောက်တည်း နေထိုင်လေ့ရှိပြီး ဇနီးဖြစ်သူကတော့ အစ်မနဲ့အတူ ဖီးဆနူလော့ခ်မြို့မှာ နေထိုင်ကာ ဈေးရောင်းနေတယ်လို့ သူ့ရဲ့ ရဲဝန်ထမ်းမိတ်ဆွေတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့ကတော့ ဇနီးဖြစ်သူအိမ်ပြန်လာတာ တွေ့ခဲ့ကြရပြီး ဇနီးမောင်နှံကြား ဘာပြသနာတွေဖြစ်ခဲ့ကြတယ်ဆိုတာကိုတော့ မသိရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

ဇနီးဖြစ်သူ နွန်လပ်ခ်ရဲ့ ဆွေမျိုးတွေကတော့ ရဲအရာရှိ ဆွန်မ်ဆက်ခ်ဟာ စိတ်ကျရောဂါခံစားနေရပြီး ခုလိုပဲ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးကြောင်းနဲ့ ဇနီးဖြစ်သူရဲ့ ဖျောင်းဖျမှုကြောင့် ဆက်လက်ပြီး ရှင်သန်နေထိုင်ခဲ့တာလို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

1 min Ago
Up