ထိုင်းနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မေလ ၁၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲကာလ ရာဇဝတ်မှုပပျောက်ရေးတွေ တိုးမြှင့်ဆောင်ရွက်နေရာမှာ ၁ လမတိုင်ခင်အတွင်း ပြစ်မှုပေါင်း ၈ ခုကနေ စိတ်ကြွဆေးပြား ၁၇ သန်း၊ အိုက်စ် ၁,၃၀၀ ကီလိုဂရမ်နဲ့ ခေတာမင်ဆေး ၂ ကီလိုဂရမ် ဖမ်းမိတယ်လို့ ထိုင်းအမျိုးသားမူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီကနေ့ မေ ၁၂ ရက် မနက်ပိုင်း သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကနေ မေ ၁၀ ရက်အတွင်း ပြစ်မှုပေါင်း ၈ ခု၊ လူပေါင်း ၂၄ ဦး၊ ကား ၁၀ စီးကျော်ကနေ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ ဒုရဲချုပ် ပရကျူပ် ဝုန်းဆုခ်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဒေသတွေမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်နဲ့ မဲ့အိုင်းမြို့နယ်၊ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ်၊ ထိုင်းအရှေ့မြောက်ပိုင်း စကွန်းနခွန်း၊ ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်၊ စမွတ်ပရကန်ခရိုင် စမွတ်ပရကန်မြို့နယ်၊ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ကျနမြို့နယ်တို့ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေအားလုံးကို ဘန်ကောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဆေးသိပ္ပံဦးစီးဌာန၊ သက်သေအထောက်အထားစိစစ်ရေး ရဲတပ်ဖွဲ့၊ မှုခင်းဆေးသိပ္ပံဌာန စသဖြင့် အဆင့်ဆင့်ပို့ဆောင်စစ်ဆေးပြီး အားလုံးကို ဖျက်ဆီးသွားမှာဖြစ်ကြောင်း၊ တဖက်မှာလည်း ကွင်းဆက်တွေ ဆက်လက်စုံစမ်းပြီး မူးယစ်ကုန်ကူးဂိုဏ်းတွေ နှိမ်နင်းသွားမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။
ကိုးကား - mgronline
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ပေါ်မှာ သေနတ်နဲ့ ကျည်ဆန် မျိုးစုံ ၁၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက် ဆရီချိုင်းဖုမ်းအိမ်ရာရှိ နေအိမ်တစ်လုံးမှာ အိမ်ရှေ့တံခါး အမြဲပိတ်ထားတာကို မသင်္ကာတာကြောင့် တာဝန်ရှိသူတွေက စောင့်ကြည့်နေခဲ့ပြီး မေလ ၉ ရက် မနက်မှာ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရပ်ကွက်လူကြီးထံခွင့်တောင်းကာ အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ အဲဒီအိမ်ထဲကနေ ပြောင်းရှည်သေနတ်၊ ပစ္စတို၊ သေနတ်ပြောင်းဝတပ်ကင်မရာ၊ ပစ္စတိုသေနတ်အစိပ်အပိုင်းနဲ့ ကျည်ကပ်၊ အရွယ်အစားအမျိုးမျိုး တံဆိပ်အမျိုးမျိူးပါ ကျည်ဆံတွေအပါအဝင် အမျိုးအစား စုစုပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တခြားဒေသကနေပေးပို့လာတဲ့ မဖောက်ရသေးတဲ့ ဂျပ်ဖာပါဆယ်တွေ၊ အသုံးမပြုရသေးတဲ့ ဂျပ်ဖာသစ်တွေပါတွေ့ရှိကြောင်း ၊ လိုအပ်သလိုစစ်ဆေးမေးမြန်းအရေးယူဖို့ အိမ်ပိုင် ရှင်ကို လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ဒီတကြိမ် စစ်ဆေးမှုဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုတွေ စောင့်ကြပ်စစ်ဆေးရှင်းလင်းစဉ် တွေ့ရှိခဲ့တာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ လှေစီးပြီး တရားမဝင် ဝင်ရောက်လာတဲ့ ၅ နှစ်ရွယ်ကလေး အပါအဝင် မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ် အမှတ် ၂၅ အထူး ခြေမြန်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
မေလ ၉ ရက်ညက ထိုင်းစစ်တပ် အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့ အမှတ် ၄၁၀၉ စစ်ဆေးရေးဂိတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကဗွေးအုပ်စု မုန့်ကလုန်ကျေးရွာမှာ လုံခြုံရေး စောင့်ကြပ်စဉ် ည ၁၁ နာရီခွဲလောက်မှာ မသင်္ကာဖွယ်စက်လှေ ၁ စီး လှမ်းမြင်ရကြောင်း၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ပေမယ့် အဆိုပါလှေက ရပ်မပေးဘဲ ဆက်ခုတ်မောင်းသွားလို့ အနောက်က စက် လှေနဲ့ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစက်လှေကို မီလာတဲ့အခါ စက်လှေပေါ်မှာ လှေမောင်းသမားကိုတော့ မတွေ့ရတော့ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးတွေ့ရှိပြီး အဲဒီထဲမှာ အသက် ၅ နှစ်ရွယ်ကလေး ၁ ဦးပါ ပါလာတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ယာယီ နယ်စပ်ဖြတ်ကျော်လက်မှတ် TBP နဲ့ ရနောင်းဘက်ကို ကူးလာကြောင်း၊ ရနောင်းမှာ ၁ ညအိပ်ပြီး နောက်နေ့ ကား ၁ စီးက သူတို့ကို လာကြိုကာ မုန့်ကလုန်ရွာကို လာပို့ထားကြောင်း၊ အဲဒီကနေတဆင့် တချို့က ဖူးကက်မြို့မှာ အလုပ်သွားလုပ်မှာဖြစ်ပြီး တချို့က မလေးရှားနိုင်ငံကို ဆက်သွားမယ်၊ လိုရာခရီးရောက်က ပွဲစားကို ၁ ဦးလျှင် ထိုင်းဘတ် ၃၀၀၀၀ ပေးရမယ်လို့ ထွက်ဆိုထားပါတယ်။
ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူဖို့ ကပေဲးနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။