ယူကရိန်းနိုင်ငံဟာ နွေဦးရာသီမှာ ရုရှားကို ထိုးစစ်ဆင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ရုရှားကျူးကျော်မှု စတင်ချိန်ကစပြီး ယူကရိန်းတပ်ဖွဲ့တွေဟာ ခဲယမ်းအများအပြားကို သုံးခဲ့တာ သတိပြုမိလို့ မဟာမိတ်အဖွဲ့ဝင်တွေက ယူကရိန်းတပ်ဖွဲ့တွေ ခဲယမ်းတွေ တတ်နိုင်သမျှ မြန်မြန်ရတာ သေချာစေဖို့ အဆင်သင့်ဖြစ်နေပြီလို့ အော်စတင်က ပြောပါတယ်။
ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ယူကရိန်း မဟာမိတ်တွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှုအပြီးမှာ အော်စတင်က ရုရှားဟာ ပိုကြီးတဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် ရုရှားလေယာဉ်တွေကို အစုလိုက်အပြုံလိုက် စုဆောင်းနေတဲ့ အရိပ်အယောင် မရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားဟာ ဗျူဟာမြောက်၊ စစ်ဆင်ရေးနဲ့ နည်းဗျူဟာအရ ဆုံးရှုံးသွားပြီလို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကိုနိုင်ဖို့ ယူကရိန်းအစိုးရဟာ သူလိုအပ်တဲ့ လက်နက်တွေကို ရတာ သေချာအောင် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က လုပ်ပေးရမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထပ်မံအတည်ပြု ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်မနေခဲ့ဘဲ ပိုများတဲ့ စစ်ပွဲတွေအတွက် ပြင်ဆင်နေခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ မိုင်းဟုမ်းကျေးရွာနဲ့ ပင်သပြေကျေးရွာအနီးတဝိုက်ကို စစ်ကောင် စီတပ်က ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့အပြင် တိုက် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းဟုမ်းကျေးရွာအနီးက NUG PDF တပ်ရင်းတွေဖြစ်တဲ့ ၅၁၀ တပ်ရင်းနဲ့ တပ်ရင်း ၁၂၂၂တို့ကို ဇန်နဝါရီ ၂၀ ရက်က ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် ၂၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှု တွေရှိတယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းတွေက သတင်းထုတ်ပြန်ပါတယ်။
မိုင်းဟုမ်းကျေးရွာအနီးက ဒေသခံ တဦးက "လေယာဥ်နဲ့ ဗုံးကြဲတဲ့နေ့က မနက်အစောက တည်းကနေ လက်နက်ကြီး ပေါက်ကွဲသံတွေကြားတာ။ မကြာမကြာ လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်ပြီးတော့ လေယာဥ်ပါ လာကြဲသွားတာ"လို့ ပြောပါတယ်။
စစ်အင်အား ၅၀၀ ဝန်းကျင်က မိုင်းဟုမ်းကျေးရွာနဲ့ အနီးတဝိုက်ကို ဆက်တိုက်ထိုးစစ်ဆင်နေတဲ့ အပြင် လက်နက်ကြီးနဲ့ပါ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအခြေအနေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့်အနီးနားကျေးရွာ က ဒေသခံရွာသားတွေ ထွက်ပြေးနေရပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကို အတိအကျ မသိ ရသေးပါဘူး။