close

ထီးချိုင့် မြို့မရဲစခန်း

close

May 2, 2022

ထီးချိုင့်မြို့မရဲစခန်းအနီး‌နေသည့် ပြည်သူများ မေ ၅ ရက်နေ့ အပြီးပြောင်းရွှေ့ရန် သတိပေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မ ရဲစခန်းအနီး‌ နေထိုင်ကြတဲ့ ပြည်သူတွေကို မေ ၅ ရက်နေ့အပြီး ပြောင်းရွှေ့နေထိုင်ဖို့ ထီးချိုင့်မြို့မရဲစခန်းက သတိပေးထားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့မရဲစခန်းအနီး ပတ်ဝန်းကျင်က  ပြည်သူတွေ နေထိုင်ရာ လူနေအိမ်တွေကို အပြီးပြောင်းရွှေ့ပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းက သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ကို ဧပြီ လကုန်ရက်က လာပြောသွားတာ။ ၆ ရက်အတွင်း အပြီးပြောင်းပေးရမယ်ဆိုပြီး ရဲဝန်ထမ်းတွေ လာပြောသွားတယ်။ မေ ၅ ရက် နောက်ဆုံးထား ပြောင်းရမယ်ဆိုတော့ တချို့တွေလည်း ပြောင်းကုန်ကြပြီ” လို့ ရဲစခန်းအနီးနေထိုင်သူတဦးက ပြောပါတယ်။

ရဲစခန်းအနီး လူနေအိမ်တွေကို အလျင်စလို လာရောက်ပြောင်းရွှေ့ခိုင်းတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ဖြစ်နိုင်ကြောင်း ဒေသခံ နောက်တဦးက ပြောပါတယ်။

“ဒီနေရာမှာနေတာ ကြာလှပြီ။ အခုလိုတခါမှ အလျင်စလိုပြောင်းခိုင်းတာ တခါမှမကြုံဖူးဘူး။ ရဲစခန်းက လက်နက်ကြီးနဲ့ အပစ်ခံရဖူးတော့ သူတို့လုံခြုံရေးကြောက်လန့်ပြီး အနီးအနားက အိမ်တွေကို ရွှေ့ခိုင်းတာဖြစ်မယ်။” 

ထီးချိုင့်မြို့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး ရဲစခန်းအနီးက လူနေအိမ်တွေကို အလျင်စလို ရွှေ့ပြောင်းခိုင်းခဲ့တာပါ။

ထီးချိုင့်မြို့နယ် အလယ်တောရဲစခန်းကို အောက်တိုဘာ ၃ ရက် ညပိုင်းက  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

2 hours Ago
Up