close

ထီးဆောင်း

close

August 10, 2022

အရာတော် - ထီးဆောင်း - မြင်းမူ လမ်းပိုင်းကို လုံခြုံရေးသတိဖြင့် ပြန်လည်အသုံးပြုနိုင်ဟု PDF ကြေညာ

အများပြည်သူ လုံခြုံရေးအတွက် အသုံးမပြုရန် ကြေညာထားတဲ့ အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ဩဂုတ် ၉ ရက်ကစပြီး လုံခြုံရေးသတိနဲ့ ပြန်လည် အသုံးပြုနိုင်ပြီလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူ့တော်လှန်စစ်ကာလဖြစ်တာကြောင့် ဘယ်လမ်းပိုင်းကိုမဆို မလိုအပ်ဘဲ ခရီးသွားလာတာ၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ကပ်လိုက်တာ၊ နယ်မြေခံတော်လှန်ရေး အဖွဲ့အစည်းတွေကို ချိတ်ဆက်အကြောင်းကြားခြင်းမရှိဘဲ သံသယဖြစ်ဖွယ် လူတွေနဲ့ ခရီးသွားလာတာ မလုပ်ဘဲ ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့လည်း အသိပေး တိုက်တွန်းထားပါတယ်။

အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ထပ်မံကြေညာချက် မထုတ်ပြန်မချင်း (လုံးဝ) အသုံးမပြုကြဖို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၃ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီရက်ပိုင်းက အရာတော်တောင်ခြမ်းမှာ စစ်ကောင်စီစစ်သားတွေက ဇီးပင်လယ်ရွာမှာ စစ်ကြောင်းတခု၊ ညောင်ပင်ရွာမှာ စစ်ကြောင်းတခု၊ ရသာရွာမှာ စစ်ကြောင်းတခု၊ စုစုပေါင်း စစ်ကြောင်းသုံးခုနဲ့ စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေး သတိပေးတားမြစ်တာခဲ့တာလို့ သိရပါတယ်။

1 hour Ago

August 3, 2022

အရာတော်-ထီးဆောင်း-မြင်းမူလမ်း လုံးဝအသုံးမပြုကြပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေး

အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ထပ်မံကြေညာချက် မထုတ်ပြန်မချင်း (လုံးဝ) အသုံးမပြုကြဖို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၃ ရက်နေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

အရာတော်တောင်ခြမ်းမှာ စစ်ကောင်စီစစ်သားတွေဟာ ဇီးပင်လယ်ရွာမှာ စစ်ကြောင်းတခု၊ ညောင်ပင်ရွာမှာ စစ်ကြောင်းတခု၊ ရသာရွာမှာ စစ်ကြောင်းတခု၊ စုစုပေါင်း စစ်ကြောင်းသုံးခုနဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းအောင်လို့ သတိပေးတားမြစ်တာပါခင်ဗျ၊ အခု အရာတော်တောင်ခြမ်းမှာ စစ်ကြောင်း ၃ ခု ရောက်နေတယ်ပေါ့နော်။ မနေ့ကတုန်းက မြင်းမူကနေ အရာတော်လာတဲ့ စစ်ကြောင်းက ဓားစာခံ ၁၄ ယောက် ဖမ်းလာတယ်။ အဲဒီ ၁၄ ယောက်ကို ဒီကောင်တွေ စစ်ဝတ်စုံတွေ ဝတ်ခိုင်းပြီးတော့ လူသားဒိုင်းတင်မကဘဲနဲ့ သူတို့ရဲ့ ဝန်စည်စလည်တွေပါ ထမ်းခိုင်းတာပေါ့နော်။ တကယ်လို့ အန္တရာယ်တခုခုဖြစ်လို့ရှိရင်လည်း ယုတ်မာတာပေါ့ဗျာ။ အဲလိုမျိုးဖြစ်ရပ်တွေ ရှိတယ်။ ရွာကိုဝင်ပြီး မီးရှို့တာတွေလည်း ရှိတယ်။ အဲဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဓားစာခံ ဖမ်းဆီးခံရတာမျိုး မဖြစ်အောင်ရယ် အန္တရာယ်ကင်းရှင်းအောင်လို့ပါဗျ” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူလူထု ဘေးအန္တရယ်လုံခြုံရေးအတွက် အဆိုပါ အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ထပ်မံကြေညာချက် မထုတ်ပြန်မချင်း အသုံးပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ သတိပေးတားမြစ်အပ်ထားပါတယ်။

မဖြစ်မနေ စစ်ဘေးရှောင်ရမယ့် ပြည်သူတွေအနေနဲ့လည်း ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးမှသာ စစ်ဘေးအန္တရာယ် ရှောင်ရှားကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

“အရာတော်က အခုလောလောဆယ် အင်တာနက် ဖြတ်တောက်ခံထားရတယ်ခင်ဗျ။ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလကတည်းက သတင်းအမှောင်ချခံထားရတယ်။ အဲဒီတော့ ဒီသတင်းကိုရတဲ့ ပြည်သူတွေကပေါ့နော်။ ကိုယ့်ရဲ့နယ်ခံ မိသားစုတွေ မိတ်ဆွေရှိလို့ရှိရင် ကျနော်တို့ကို အကြောင်းကြားပေးပါပေါ့နော်၊ အဲဒီလမ်းကို သွားမယ့်လာမယ့် ပြည်သူတွေကိုလည်း အချင်းချင်း တားမြစ်သတိပေးပေးကြပါလို့ အကူအညီတောင်းချင်ပါတယ်” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

7 days Ago
Up