မကွေးတိုင်း၊ ထီးလင်းမြို့မှာ မေ ၇ ရက်နဲ့ ၉ ရက်နေ့တွေက ထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ MDDS ကနေ သိရပါတယ်။
ထီးလင်းမြို့ ထွေအုပ်ရုံးက စစ်(...)တွေ အထိုင်စခန်းကို မေ ၇ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံး ၄ လုံးကြဲပြီး တိုက်ခိုက်ခဲ့တာလို့ MDDS ဒရုန်းအဖွဲ့ရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ထပ်တိုက်ခိုက်မှုတခုကတော့ မေ ၉ ရက် မနက် ၉ နာရီဝန်းကျင်လောက်က ထီးလင်းမြို့တောင်ဘက် နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းအဖွဲ့တာဝန်ခံက ပြောပါတယ်။
“ထီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ အချိန်မှာ အဲဒီရဲစခန်းကို တိုက်ခိုက်ခဲ့တာဗျ။ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စုံစမ်းနေပါတယ်ဗျ။ မနက်ကကိုပဲ ဂျက်ဖိုက်တာနဲ့ စစ်ကြောင်းဘက်ကို ၃ ကြိမ် ကူနေတဲ့အချိန်မှာ ကျနော်တို့ဘက်က ဆုတ်ခွာလိုက်ရတယ်။”
အဲဒီတိုက်ခိုက်မှုကို MDDS၊ မြင်းခြံခရိုင် အမှတ်-၁ တပ်ရင်း၊ MRDA နဲ့ နယ်မြေခံ YNRF-ထီးလင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မိမိတို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ထီးလင်းမြို့နယ်ကို မေ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်၊ အညာဘန်ရွာနဲ့ ကျင်းရွာကြားကို စစ်ကောင်စီက မေ ၉ ရက် မနက် ၁၀ နာရီလောက်မှာ တံတားဦးဘက်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီဘက်က ဖုန်းလိုင်းတွေ ပြတ်တောက်နေတော့ ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ ထိခိုက်မှုတော့ ရှိမယ်ထင်တယ်ဗျ။ PDF စခန်းနေရာကို အကြဲခံရတယ်လို့ ကြားတယ်။ လူတွေတော့ ရှောင်နိုင်လိုက်တယ်။ စစ်ကြောင်းကလည်း အဲဒီဘက်ကိုထိုးနေတော့ PDF အဖွဲ့တွေက ကြိုရှောင်ထားတာပေါ့။ ဒဏ်ရာရရင်တောင် အနည်းအကျည်းလောက်ပဲ ရမှာပါ။ ဗုံးကတော့ လေးလုံးလောက်ချတာဖြစ်ပြီး ဆင့်ကွဲဗုံးဆိုတော့ ၈ ကြိမ်လောက် ပေါက်ကွဲသံ ကြားရပြီး စက်သေနတ်တွေနဲ့လည်း ပစ်တယ်။”
ထီလင်းမြို့နယ် အနောက်ဘက်ခြမ်း ပ.အ.ဖ ရုံးကိုလည်း ဧပြီ ၂၀ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပအဖ ရဲဘော် ၃ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းက စစ်ဘေးရှောင် အကူအညီပေးရေးရုံးကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတချို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်မြောက်ပိုင်း ပုံညာတောင်တန်းရဲ့ စစ်ဘေးရှောင်စခန်းတွေကို ကွပ်ကဲတဲ့ရုံးကို ဒီနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ လာရောက် တိုက်ခိုက်ခဲ့တာလို့ ထီလင်းမြို့နယ် ဒေသခံတယောက်ဖြစ်တဲ့ ကိုမင်းဒဿက ဒီဗွီဘီကို ပြောပါတယ်။
“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ ဖုန်းလိုင်းတွေ ဖြတ်တောက်ကတည်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ခဏခဏ သတိပေးခဲ့တယ်ဗျ။ စစ်ကောင်စီသတင်းပေးဒလန်ရဲ့ သတင်းပေးမှုကြောင့် နေပြည်တော်က ၁၁ နာရီကျော်လောက်မှာ တက်လာတဲ့ ဂျက်ဖိုက်တာက အတိအကျ လာရောက်ပစ်ခတ်သွားတာ။ အဲဒီမှာက ရုံးအဖွဲ့လောက်ပဲထိုင်ပြီး စစ်ရှောင်ပြည်သူတွေကိုတော့ တောထဲမှာပဲ ထားတာပါ။ အဲဒီနေရာက လက်နက်ထုတ်တာလည်း မဟုတ်ဘူး။ PDF တွေလည်း မဟုတ်ဘူးဗျ။ အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသမီးလည်း ထိတယ်လို့ကြားတယ်။ ၂ ယောက်ကတော့ အရေးပေါ် ဆေးကုသမှုခံယူဖို့ ပို့လိုက်ပြီ။ ထိခိုက်တဲ့သူတွေကတော့ အမျိုးသမီးတွေ အများစုဖြစ်ပြီး ၈ ယောက် ၉ ယောက်လောက် ထိမယ်ထင်တယ်။”
ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေလို့ ထိခိုက်တဲ့အခြေအနေကို လူလွှတ်ပြီး စုံစမ်းချက်အရ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁၂ ယောက်လောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ ဓာတ်ပုံမှတ်တမ်းတွေ ဗွီဒီယိုတွေ ရိုက်ကူးခဲ့ပေမဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ပို့လို့မရသေးဘူးလို့ ကိုမင်းဒဿက ပြောပါတယ်။
ဒါ့အပြင် ထီးလင်းမြို့ ရွှေထီးခန်းမကနေ အင်အား ၁၀၀ ကျော်လောက်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကလည်း ဒီနေ့မနက်ပိုင်းမှာ ပဇင်းချောင်းရွာကို ဝင်ရောက်ပြီး မွန်းလွဲ ၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကိုလည်း ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။