မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မေလ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ YRA-ထီးလင်းကနေ သိရပါတယ်။
မနေ့ မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထုဘက်ကနေ အင်အား ၇၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကြောင်းဟာ ရွှေအောင်သာကိုရောက်တော့ ရွှေအောင်သာအထိုင်တပ်နဲ့ ပြန်ပေါင်းလိုက်တဲ့ အတွက် အင်အား ၁၄၀ လောက်ရှိမယ်။ အဲဒါနဲ့ အောင်း(မြောက်ရွာ) အရှေ့ဘက်နား ရောက်တော့ ကျနော်တို့ YRA အဖွဲ့ရယ်၊ YNRF အဖွဲ့ရယ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ YRA (ထီးလင်း) ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိနစ် ၂၀ လောက် တိုက်ပွဲ အပြင်းထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်နေချိန်မှာပဲ ဂျက်ဖိုက်တာ တစီး ဝဲလာတာကြောင့် တိုက်ပွဲကို ရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။
ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာလည်း လက်နက်ကြီးနဲ့ ၇ ချက် ကာပစ်ပေးတဲ့အတွက် စစ်ကောင်စီတပ်သားတွေ အုပ်လိုက်ရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေလ ၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ (MBT) ကနေ သိရပါတယ်။
ရေစကြိုမြို့၊ အမှတ် ၂၊ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မနေ့ မေ ၄ ရက် ညနေ ၅ နာရီလောက်မှာ ပြောက်ကျားနည်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ ဧပြီ ၃၀ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ၂ နေရာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မေလ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် စက်မှု ၂ ကနေ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်နဲ့ ထွက်လာတဲ့ အဖြူရောင်ဖောကားတစီးကိုအနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖောကားက ညာဘက်ခြမ်းကို ထိုးကျသွားပြီး ထိခိုက်သေဆုံးသူ များပြားနိုင်ကာ ကင်းပုန်းတွေရယ်၊ စက်မှု ၂ နဲ့ မြိုင်မြို့ဘက်က စစ်ကူတွေ လိုက်လာလို့ ကားကိုတော့ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖော်ဆောင်နေတဲ့ အချိန်မှာလည်း သရက်ကွ ပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၁၀ ချက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကအဖွဲ့ဝင်တွေဖြစ်တဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဇေယျာသီအဖွဲ့၊ အညာမြေအဖွဲ့၊ ချင်းတွင်းပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း-၁၃၊ စကော်ပီယံအဖွဲ့၊ MVP အဖွဲ့နဲ့ MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ မေ ၂ ရက် မနက်ကလည်း ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ ကက ပြောပါတယ်။
ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေဘက်ကနေ အိုင်းမကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ညနေ ၆ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိုင် ပ.က.ဖ တပ်ရင်း-၁၊ တပ်ခွဲ-၅၊ တပ်စိတ်-၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပြီးချိန်မှာ အိုင်းမရွာဘက်ကို ဆက်မတိုးရဲဘဲ တပ်ဖျောက်ထားသလို လယ်အိုရွာနားကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းလည်း တပ်ဖျောက်ထားတာကြောင့် ပြည်သူတွေ သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။
မြိုင်နဲ့ ပေါက်မြို့နယ်မှာ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း သေဆုံးကာ ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ မြိုင် ပ.က.ဖကနေ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျေးရွာတရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ YRA-ထီးလင်း ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ YRA-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က “ဖြစ်စဥ်ကတော့ ၂၀ ရက်နေ့က ဖြစ်တာပါဗျ။ ကျနော်တို့က တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် အခုမှထုတ်ပြန်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ထီးလင်းမြို့နယ် ပုဇင်းချောင်ရွာကို မီးရှို့ပြီးထွက်လာတဲ့ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၀ ရက် ညနေ ၃ နာရီခွဲလောက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ထိခိုက်မှုကတော့ သူတို့ဘက်က ၄ ယောက်သေဆုံးပြီး ကျန်တာတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အဲဒီစစ်ကြောင်းက ကျနော်တို့ တိုက်ခိုက်မှုပြီးလို့ ညနေပိုင်းကျတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လောင်းဘိုလေးရွာဘက်ကို နယ်မြေရှင်းလင်းဖို့ သွားတယ်” လို့ သခင်ဇော်က ပြောပါတယ်။
ထီးလင်းမြို့နယ် အနောက်ဘက်ခြမ်း ပ.အ.ဖ ရုံးကို ဧပြီ ၂၀ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပအဖရဲဘော် ၃ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုဇင်းချောင်ကျေးရွာကိုလည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၀ နီးပါးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်က ကျောက်ထု-မင်းတပ် ကားလမ်းမှာ ဧပြီ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-ကန်ပက်လက်ကနေ သိရပါတယ်။
CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းက “ကျနော်တို့ CDF-ကန်ပက်လက်၊ CDF-မင်းတပ်၊ The Youth Force (ဆော၊ ကျောက်ထု) ပူးပေါင်းတပ်ဖွဲ့တွေက လှုပ်ရှားတပ်ဖွဲ့ ၃ ဖွဲ့ပေါင်းပြီး အထိုင်လိုမျိုးမဟုတ်ဘဲ ရွေ့လျားပုံးစံမျိုး လှုပ်ရှားတပ်ဖွဲ့ ဖွဲ့ထားတယ်ဗျ။ အဲဒီလှုပ်ရှားတပ်ဖွဲ့က ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျောက်ထုကနေ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းထွက်လာတယ်လို့ သတင်းကြားလို့ စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းရဲ့ ရှေ့ပွိုင့် ၁၀ ယောက်လောက်ကို လက်ဦးမှုရယူ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးကာ ၃ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“ကိုယ့်ဘက်က တော်တော်ပစ်အား ကောင်းပေမဲ့ လက်နက်တွေ အကုန်မသိမ်းနိုင်ခဲ့ဘဲ ၆၀ မမ ဗုံးသီး ၁ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ MA3 ကျည်ဘောက် ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေပဲ သိမ်းဆည်းနိုင်ခဲ့တယ်” လို့ ကိုထွန်းလိန်းက ပြောပါတယ်။
စစ်ကောင်စီတပ်သား အလောင်းတွေကိုလည်း မျက်မြင်တွေ့ရှိခဲ့ရပြီး ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အလောင်းတွေကို ပြန်လာသယ်သွားကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာလည်း ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့ တယ်လို့ ရေစကြိုမြို့နယ် ပကဖက သိရပါတယ်။
ပခန်းငယ်ရဲစခန်းကနေ ပခန်းကြီးရဲစခန်းဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဧပြီ ၂၃ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်က မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
“အဲဒီ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတာ။ ပခန်းကြီးနဲ့ ပခန်းငယ်ကြားမှာ မိုင်းဆွဲ တိုက်ခိုက်လိုက်တော့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။ ပခန်းကြီးနယ်မြေရဲစခန်းကနေ စစ်ကောင်စီတပ်သား အင်အား ၆၀ လောက် ဖောကား ၂ စီးနဲ့တင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဧပြီ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ မြေခဲတောင်ရွာနဲ့ ကျောက်တံခါးရွာဘက်မှာ တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက် အနီးကပ် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဖောကား ၂ စီးနဲ့ ပခုက္ကူမြို့ဘက်ကို ပြန်ဆုတ်သွားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြန်ဆုတ်ခဲ့တဲ့ အတွက် သေဆုံးသူရှိ၊ မရှိဆိုတာကို အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီဖောကား ၂ စီး ပြန်ဆုတ်တဲ့အချိန်မှာလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က အရင်စစ်ကြောင်ထိုးသလို ပုံစံမျိုး မဟုတ်ဘဲ ဖောကား ၂ စီးနဲ့ မြေခဲတောင်၊ ကိုင်းမကျည်း၊ ထန်းတို၊ ချင်းယားကုန်း၊ ဂွေးပင်ယာ၊ ကျောက်တံခါး ကျေးရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကိုင်းမကျည်းရွာက နေအိမ် ၂ လုံး၊ ချင်းယားကုန်းရွာက အဆောက်အအုံ တလုံးနဲ့ မြေခဲတောင်ရွာက ဆိုင်ကယ် ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။