အောင်လံလွှင့်ချီနွေဦးထီကို လာမယ့် ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချတော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးက ပြောပါတယ်။
“ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးတဲ့သူနဲ့ ထီပေါက်တဲ့သူရဲ့ လုံခြုံရေးကို အဓိကထား ကာကွယ်ပေးလိုတဲ့အတွက် ပုံမှန်ထိုးနေတဲ့ ထီတွေလို သိန်းသောင်းချီတဲ့ ဆုမဲတွေ မပေးနိုင်တာကိုလည်း နားလည်ပေးကြဖို့ ကြိုတင် တောင်းပန်လိုပါတယ်” လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ထီတစောင်ကို ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး အနည်းဆုံး ၅ စောင်ကနေ အစောင် ၅၀ အထိထိုးနိုင်မှာဖြစ်ပါတယ်။ ဆုမဲတွေ အားလုံးကို ၁၅ သိန်း သတ်မှတ်ထားပါတယ်။
အစိုးရဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ လင့်ခ်ကိုနှိပ်ပြီး ပေါ်လာတဲ့ လမ်းညွှန်တွေအတိုင်း ဆက်လုပ်သွားရင်းထီစောင်ရေ ရွေးချယ်တာ၊ ငွေပေးတဲ့ ပုံစံကို ရွေးရမှာ ဖြစ်ပါတယ်။
"ထီလက်မှတ်ဖိုးကို ဘယ်လိုပေးချေမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အထူးသတိထားစရာ အချက်တချက်တော့ ရှိပါတယ်။ အဲဒါက အကြမ်းဖက် စစ်ကောင်စီ အလွယ်တကူ ခြေရာခံလို့ မရနိုင်အောင် မိမိတို့ရဲ့ တရားဝင်ဘဏ်အကောင့်တွေနဲ့ ချိတ်ဆက်ပြီး ငွေပေးချေတာမျိုး မလုပ်ဘဲ မိမိဘာသာ ချင့်ချိန် ရွေးချယ်ကြဖို့ပါပဲ” လို့ ဝန်ကြီးက ပြောပါတယ်။
တကယ်လို့ ထီပေါက်ခဲ့ရင် ဆုမဲကို မယူဘဲ ပြန်လှူမယ်ဆိုတာကိုလည်း တပါတည်း ရွေးချယ်လို့ရပြီး လှူဒါန်းတဲ့ငွေတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လိုအပ်နေတဲ့ တခြား အသုံးစရိတ်တွေအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။ ကံထူးရှင်တွေရဲ့ ဆန္ဒအတိုင်း ဂုဏ်ပြုလွှာတွေကို ပေးသွားမယ်လို့လည်း ဆိုပါတယ်။
“ပြောရရင် အာဏာရှင်ကို တောထုတ်တဲ့ သံပုံးတီးကမ်ပိန်းလောက်တောင် မစွန့်စားရပါဘူး။ နေ့စဉ်ရက်ဆက် လမ်းမပေါ်ထွက်ပြီး ရဲဝံ့စွာဆန္ဒဖော်ထုတ်နေတဲ့သူတွေနဲ့ယှဉ်ရင် ပိုလို့တောင် မပြောပလောက်ပါဘူး” လို့ ဝန်ကြီးက ပြောပါတယ်။
ထီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ကန့်သတ်လာနိုင်တာတွေကိုလည်း ကြိုတင်တွက်ဆထားပြီး တကယ်လို့ ထီစရောင်းမယ့် ဩဂုတ် ၁၅ ရက်နေ့မှာ အင်တာနက်တွေ ပိတ်မယ်ဆိုရင် ၁၆ ရက်နေ့မှာ ရောင်းမယ်လို့ ဆိုပါတယ်။
ထီထိုးသူတွေကိုယ်တိုင် ဖွင့်မပြောဘဲ ဘယ်သူမှန်းမသိဖို့အတွက် နည်းပညာနဲ့ ကာကွယ်ပေးထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်မယ့် အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက် ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထီရောင်းချ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး လိုအပ်တဲ့ လောင်းကစားဥပဒေကို ပြင်ဆင်လိုက်ပါတယ်။
NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြင်ဆင်ပေးပို့လာတဲ့ လောင်းကစားဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အတည်ပြု ပြဋ္ဌာန်းတယ်လို့ ဩဂုတ် ၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ထီကို “အောင်လံလွှင့်ချီနွေဦးထီ” ဆိုတဲ့ နာမည်ပေးထားပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို ဂုဏ်ပြုထားတာတွေ့ရပါတယ်။
ပြီးတော့ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းပျောက်ကွယ်သွားစေရေး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ထွန်းလာစေရေးအတွက် မဆုတ်မနစ် တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ထီဘယ်တော့ စတင်မယ်ဆိုတာကိုတော့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မထုတ်ပြန်သေးဘဲ ဥပဒေပြင်ဆင်တဲ့ ရည်ရွယ်ချက်မှာ ဖော်ပြထားတာကတော့ ပြည်သူတွေ တခဲနက် ဆန့်ကျင် သပိတ်မှောက်တာကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အောင်ဘာလေထီချုပ်ငြိမ်းသွားချိန်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း အောင်ဘာလေထီကို ထိုးသူနည်းသွားတာကြောင့် အရင်လို ကျပ်သိန်း ၁၅၀၀၀ ဆုကြီးနဲ့ ကျပ်သိန်း ၁၀၀၀၀ ဆုတို့ကို မပေးနိုင်တော့ဘဲ ကျပ် သိန်း ၅၀၀၀ နဲ့ပဲ အများဆုံးဖွင့်လှစ်နေရတာပါ။
ထီလက်မှတ် ဝယ်ယူတဲ့ စနစ်၊ ဆုငွေထုတ်ပေးမဲ့ စနစ်တို့ကိုလည်း မသိရသေးပေမဲ့ အွန်လိုင်းကို အခြေခံတဲ့ စနစ်မျိုးပဲဖြစ်မယ်လို့ ပြည်သူတွေက ခန့်မှန်းနေကြပါတယ်။