close

ထောက်ခံစာ

close

April 30, 2023

ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဧည့်စာရင်း၊ ထောက်ခံစာကြေး ဈေးတက်

ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပနဲ့ မြောက်ဒဂုံမြို့နယ်တို့က ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားတာနဲ့ ထောက်ခံစာပြုလုပ်တာတွေကို အခကြေးငွေ ကောက်ခံတဲ့၀အပြင် ၂၀၂၃ ဧပြီလဆန်းပိုင်းက စတင်ပြီး စာရွက်စာတမ်းကြေးလို့ဆိုကာ ပိုက်ဆံ ပိုတောင်းခံလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ၁၃ ရက်အကြာမှာ စစ်ကောင်စီဥက္ကဋ္ဌက ဧည့်စာရင်း ဥပဒေကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး ဧည့်စာရင်းစနစ် ပြန်လည်ကျင့်သုံးချိန်ကစလို့ တိုင်ကြားသူတွေက ပိုက်ဆံပေးနေခဲ့ရတာပါ။ 

၂၀၂၃ အထွေထွေကုန်ဈေးနှုန်း ၂ ဆခန့် ပိုမိုမြင့်လာချိန်က စတင်ပြီး စက်မှုဇုန်တွေ အများအပြားရှိတဲ့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ ဧည့်စာရင်းတိုင်ကြေးကို စာရွက်စာတမ်းဈေးကို အကြောင်းပြကာ ပိုက်ဆံပိုတောင်းခံတာကြောင့် အရင်ဧည့်စာရင်းကြေး ကျပ် ၅၀၀ မှ ဧည့်စာရင်းတစ်ခါတိုင်ပါက ကျပ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ အထိ ‌ပိုမို ပေးဆောင်နေရတယ်လို့ သိရပါတယ်။ 

ရွှေပြည်သာစက်ရုံအလုပ်သမတဦးက "အရင်က ဧည့်စာရင်းကို တလပေးတယ်၊ တလ တခါတိုင်ရတာ။ ၃ ယောက်လောက် စုပြီး တခါတိုင်ရင် ၅၀၀ အဆောင်မှူးကို တိုင်ခိုင်းရင် ရသေးတယ်။ အခု ၂ ပတ်တစ်ခါ ဖြစ်သွားပြီ၊ ညပိုင်း ရုံးမှာ လူကိုယ်တိုင် သွားတိုင်တော့ ရုံးက ရေးပေးတဲ့လူက စာအုပ်ဖိုးနဲ့ အလှူငွေက အားလုံး ၂၀၀၀ တောင်းတယ်။ စာအုပ်က ၅ ရွက်ပဲ ပါတယ်၊ ကုန်ရင် တအုပ် ၁၀၀၀ လို့ ပြောတယ်။ အလုပ်ထောက်ခံစာဆို တစောင် ၂၀၀၀ ပေးရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားတဲ့ ရပ်ကျေးဥပဒေပြင်ဆင်ချက် ပုဒ်မ ၃၃ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေဟာ ဧည့်စာရင်းတိုင်ကြားတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး ငွေကြေးတစုံတရာ တောင်းခံခြင်း မပြုရလို့ ပါရှိတာကို တွေ့ရပါတယ်။ 

ဧည့်စာရင်း၊ ထောက်ခံစာပြုလုပ်ရာမှာ ငွေကောက်ခံတာနဲ့ ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်က ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက  "ဘာလို့ ငွေကောက်ကြသလဲဆိုတော့ ရပ်ကွက်ရုံးတွေက အခု မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှာ တောင်းရတဲ့ ရန်ပုံငွေဆိုတာ ရှိတယ်။ ရုံးလုပ်ငန်းအတွင်း စာရွက်တို့ ဘောပင်တို့ကအစ သုံးဖို့ ငွေစာရင်းနဲ့ တောင်းရတာ။ ‌ဥက္ကဋ္ဌဖို့က လစာသက်သက် ရတယ်၊ ဧည့်စာရင်းနဲ့ ထောက်ခံစာ ရေးတာတို့က ရပ်ကွက်စာရေးက စာရင်းသွင်း ဥက္ကဋ္ဌက လက်မှတ်ထိုးပေးရတာ။ မြို့နယ်က တောင်းလို့ရတဲ့ ရုံးတွင်းစရိတ်က  မလောက်တာမျိုး ရှိချင်ရှိမယ်၊ စာရေးက ဧည့်စာရင်းရေးပေးတာ ထောက်ခံစာရေးပေးတာမျိုး လုပ်တော့ သူ့အတွက်ရော ရုံးကလူတွေအတွက်ပါ ကျန်အောင် ပိုက်ဆံကောက်တာ။ စာရွက်တွေအတွက် ကော်ပီဆွဲခက ဒီ ၄ လပိုင်းထဲ ဈေးက တော်တော်တက်လာတော့ သူတို့လည်း ကာမိအောင် ဈေးတင်တောင်းကြတာ" လို့ ပြောပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏပစ်ခတ်ခံနေရတဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာမှာ ရုံးခန်းအစား ရပ်ကွက်စာရေးနေထိုင်တဲ့ အိမ်တွေနဲ့ နေ့စားကူညီရေးပေးတဲ့ အိမ်တွေမှာ ဧည့်စာရင်းနဲ့ ထောက်ခံစာရေးပေးတယ်လို့ သိရပါတယ်။ 

ဧည့်စာရင်းရက်ကျော်သူတွေနဲ့ ဧည့်စာရင်းလုံးဝမတိုင်သူတွေကို ဧည့်စာရင်းစစ်ဆေးတဲ့အချိန် တွေ့ရှိရင်လည်း သတ်မှတ်ထားတဲ့ ငွေဒဏ် ၁ သောင်းထပ်ပိုပြီး ဒဏ်ရိုက်တာ၊ အုပ်ချုပ်ရေးနဲ့ စစ်ကောင်စီဘက်က ရုံးခန်းခေါ်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ 

၂၀၂၃ ဧပြီလမှာ စတင်ပြီး မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံရှိ ရပ်ကွက်တွေမှာ နေအိမ်တွေမှာ ဧည့်စာရင်းရေးရာက ရုံးခန်းပြောင်းပြ စစ်ကောင်စီရဲ ၂ ဦးစီ လက်နက်အပြည့်အစုံနဲ့ အလှည့်ကျလုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

13 mins Ago

April 21, 2020

ဧရာဝတီတိုင်းတွင် ခရီးသွားလာသူများ ထောက်ခံစာ ယူဆောင်သွားရမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်သူတွေအနေနဲ့ ခရီးသွားလာရာမှာ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ကို ယူဆောင်ပြီး သွားလာရမှာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။ COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရအဖွဲ့က ညွှန်ကြားထားတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ “ကိုယ့်မြို့နယ်အတွင်း ခရီးသွားမယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ခရီးသွားထောက်ခံချက်နဲ့ သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ မြို့နယ်ကျော်မယ်၊ တိုင်းကျော်မယ် ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ သွားရမှာဖြစ်ပါတယ်။ အခြား ပြည်နယ်နဲ့တိုင်းဒေသကြီးက ခရီးသွားပြည်သူတွေအနေနဲ့လည်း ဧရာဝတီတိုင်းကို လာမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနဆီကနေ ဒီဒေသမှာ နေထိုင်တာ မှန်ကန်ကြောင်းနဲ့ ဘယ်မြို့၊ ဘယ်ရွာကို ခရီးသွားမှာဖြစ်ကြောင်း ခရီးသွားထောက်ခံစာ ရယူလာဖို့ လိုအပ်ပါမယ်။” တိုင်းအတွင်းရှိ မြို့နယ်အများစု၏ မြို့ဝင်ဂိတ်တွေ ပုသိမ်- မုံရွာလမ်းနဲ့ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းတို့မှာ ခရီးသွားလာသူတွေ ခရီးသွားထောက်ခံစာ ပါ၊ မပါ စစ်ဆေး ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့ကို Stay at Home နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဧပြီ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ညွှန်ကြားချက် ထုတ်ပြန်ထားရှိပေမယ့် အဆိုပါ မြို့နယ် ၇ မြို့နယ်မှာ အမြဲဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူတွေအနေဖြင့် အကြောင်းအမျိုးမျိုးနဲ့  ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေကို ဝင်ရောက်လာပါက Community Based Facility Quarantine ၂၁ ရက်ထားရှိကာ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ တိုင်းဒေသကြီးအဆင့် COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ညွှန်ကြားပြီး ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
3 years Ago
Up