တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက လူငယ်တွေက တရုတ်ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသကာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
"The Chinese People's Democracy Movement is the Ally of the Myanmar Spring Revolution" စာတန်းကိုင်ဆောင်ပြီး လူငယ် ၄၀ လောက် လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ အဲဒီလှုပ်ရှားမှုမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ရှိသူတွေကတော့ တရုတ်ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး အောင်မြင်ဖို့အတွက် အရေးပါတာမို့ တရုတ်ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးကြဖို့လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဟာ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ ထောက်ပံ့ပေးနေတာကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်တဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို အပြည့်အဝထောက်ခံတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး တရုတ်အစိုးရဲ့ တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး မြို့ကြီးတချို့မှာ တရုတ်ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ပထမအစမှာတော့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုဟာ ကိုဗစ်-၁၉ လော့ဒေါင်းချမှတ်ထားတာကို ပယ်ဖျက်ပေးဖို့သာတောင်းဆိုခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ရေး၊ တရုတ်အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေး အစရှိတဲ့ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုတွေ ရှိလာပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးဖို့ သြစတြေးလျနိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဆစ်ဒနီမြို့မှာ စက်တင်ဘာလ ၂၅ ရက်က ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို Union Aid Abroad APHEDA က ဦးဆောင်ကာ CRPH/NUG Support Group (Australia) ၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ Action Against Myanmar Military Coup Sydney က စီစဉ်တာဖြစ်ပါတယ်။
ဆစ်ဒနီမြို့ကမြန်မာ့ဒီမိုကရေစီရေးထောက်ခံလှုပ်ရှားသူ ၅၀၀ နီးပါး ပါဝင်းခဲ့ကြပြီး ဆစ်ဒနီမြို့လယ်ဟိုက်ဒ်ပါတ်ကနေအော်ပရာဟောက်စ်အနီး ကပ်စတန်ဟောက်စ် ကို ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Photo Credit - Sai Si Thu Htet