ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အူလန်ပါဒေသ၊ လိုက်ကာဇွပ်ဂျာရွာအထက် ကွမ်းဖျကုန်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား ဧပြီ ၆ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီ တပ်မ(၈၈)၊ စကခ(၁၅)၊ ခလရ(၁၂၁)တပ်က စစ်သည် စုပေါင်း အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကား၄ စီးဟာ မိုင်းခေါင်ကနေ မဂျီဂုန်စစ်ကောင်စီတပ်စခန်းကို စစ်အင်အားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ပို့ဖို့တက်လာတဲ့အချိန် ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း(၂၇)က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
တိုက်ပွဲကြောင့် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ စစ်ကားတစီး မိုင်းခေါင်ကျေးရွာကို လှည့်ပြန်ခဲ့ရသလို ကျန်တဲ့ကား ၃ စီးကလည်း ရွာထိပ်မှာပဲ ရပ်တန့်ထားတယ်လို့ သိရပါတယ်။
ကေအိုင်အေ တပ်မဟာ(၂)ဒေသ တနိုင်းလီဒိုလမ်းတစ်လျှောက်၊ လဝါရွာနဲ့ ဒွန်ဘွန်ကြားမှာ ဧပြီ ၅ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်ကလည်း ကေအိုင်အေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။
စစ်ကောင်စီတပ် ခလရ(၁၃၈)က အင်အား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက လဝါးလန်ကောင်ရွာကနေ ခိန်းရူးပါဘက်ကို စစ်ကြောင်းထိုးသွားလာလှုပ်ရှားလာတာကြောင့် ကေအိုင်အေနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တိုက်ပွဲဖြစ်တဲ့ နေရာနဲ့နီးတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။