close

ထောင်တွင်း

close

August 17, 2021

ထောင်တွင်းကိုဗစ်ကူးခံရပြီး ကျဆုံးခဲ့သည့် NLD ကိုယ်စားလှယ်အပါအဝင် ကျဆုံးပြည်သူ ၉၉၈ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လခွဲကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၉၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၃၁၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၇၁၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအ ဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ပဲခူးအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ရွှေဟာ အကျဉ်းထောင်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ပဲခူးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် ဩဂုတ် ၁၆ ရက် မနက်အစောပိုင်းမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့က အရပ်သား တယောက်ဖြစ်တဲ့ ကိုအောင် ယုဟာ ဩဂုတ် ၁၁ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရပြီး သုံးရက်အကြာ ဩဂုတ် ၁၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဇနီးဖြစ်သူက သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၄ ရက်နေ့ ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရား ကြီးမှာ စစ်သားတွေကင်းလှည့်လာတဲ့အချိန် ဈေးဆိုင်ရှေ့က ခုံမှာ ဂိမ်းကစားနေတဲ့ လူ ငယ်တယောက်ဟာ ကြောက်လန့်ပြီး ရှေ့ဘက် နေအိမ်ထဲဝင်ပြေးခဲ့ချိန်မှာ တံခါးပိတ် ထားတဲ့ အဆိုပါနေအိမ်ကို စစ်သားတွေက ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အတွင်းရှိ တခြားလူငယ် တယောက်ကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကျဆုံးသွားခဲ့တဲ့ လူငယ်မှာ ကိုရဲထက်ကိုဖြစ်ပြီး ဘယ်ဘက် ရင်အုံကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဩဂုတ် ၁၃ ရက်နေ့၊ နံနက် ၂ နာရီခွဲလောက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ ယာမြို့နယ်၊ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အကြမ်းဖက်စစ်အုပ်စု ခန့်အပ်ထားတဲ့ ညကင်းသမားတွေ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၂ နှစ်အရွယ် ပဒံကျေးရွာနေ ကိုဟန်ဇော်ထွန်း(ခ)တုတ်ပြဲဟာ နေရာမှာတင် ကျဆုံးသွား ခဲ့ကြောင်း သိရှိရပြီး သူဟာ မိခင်ဖြစ်သူရဲ့ နေအိမ်က ပြန်လာစဉ် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရတာလို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

2 mins Ago

January 12, 2020

မက္ကဆီကို ထောင်တွင်း နှစ်ကူးချစ်ကြည်ရေးဘောလုံးပွဲ ၁၆ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ ဇာတီကတ်ပြည်နယ်က ဆီနီဂူးလက်အကျဉ်းထောင်မှာ ကျင်းပတဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲတခုမှာ  လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ လုံခြုံရေး အလယ်လတ်တန်းစားရှိတဲ့ ဒီအကျဉ်းထောင်ဟာ မက္ကဆီကိုနိုင်ငံတွင်းမှာရှိတဲ့ အင်အားကြီးမားတဲ့ မူးယစ်ဂိုဏ်း ခြောက်ဂိုဏ်းက အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေကို ထိန်းသိမ်းထား‌ရာ နေရာလည်း ဖြစ်ပါတယ်။ ထောင်ထဲမှာရှိတဲ့ ပြိုင်ဘက်ဂိုဏ်းစတားတွေကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူး ဘောလုံးပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ပင်နယ်တီဧရိယာထဲမှာ ဆိုးဆိုးရွားရွား ဖြတ်ထုတ်မှုတခုမတိုင်ခင်အထိ အရာအားလုံးဟာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။  ဒီပွဲစဉ်ဟာ လာ့စ်ဇီတက်ဇ်ဂိုဏ်းနဲ့ ဂတ်ဖ်ကာတယ်ဂိုဏ်းတို့ရဲ့အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲဖြစ်ပြီး ဖျက်ထုတ်မှုတခုက အဆင်ပြေနေတဲ့ အရာအားလုံးကို ပျက်စီးသွားစေခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။  ဒီဖျက်ထုတ်မှုကြောင့် ထောင်သားပရိသတ်တွေဟာ ဒေါသထွက်ခဲ့ပြီး သေနတ်တွေ သွားယူကာ ပြိုင်ဘက်ဂိုဏ်းသား ပရိသတ်တွေကို ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။  လက်ရှိအချိန်အထိ ဒီသေနတ်တွေဟာ ထောင်သားတွေလက်ထဲ ဘယ်လို ရောက်နေလဲ ဆိုတာ ဘယ်သူမှ မသိကြသေးဘူးလို့ သိရပါတယ်။ ဒီလိုပစ်ခတ်မှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ ထောင်ဝန်ထမ်းတွေနဲ့ အပြင်ဘက်တပ်ဖွဲ့ဝင်တွေဟာ ထောင်သားတွေကို သုံးနာရီကြာ လူစုခွဲခဲ့ရပြီး နောက်ဆုံးမှာတော့ ထောင်သား ၁၆ ယောက် သေဆုံးကာ ၅ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေတွင်း သေနတ် ၄ လက်အပြင် ဓားတွေ၊ တူတွေနဲ့ မိုဘိုင်းဖုန်းတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။  ဒီပစ်ခတ်မှုအပြီး နောက်နှစ်ရက်အကြာမှာလည်း ဂတ်ဖ်ကာတယ်ဂိုဏ်းရဲ့ ဂိုဏ်သားတဦးကို သစ္စာဖောက်မှုနဲ့ သူတို့ဂိုဏ်းအဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့မှုကြောင့် ထောင်ဆူမှု နောက်တကြိမ် ထပ်မံ ဖြစ်ပွားခဲ့ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားရာ ဆီနီဂူးလက်ထောင်မှာ အကျဉ်းသား ၁၀၀၀ နီးပါးရှိပြီး ထောင်အာဏာပိုင်တွေဟာလည်း ထောင်ထဲမှာရှိနေတဲ့ ပြိုင်ဘက်ဂိုဏ်းတွေနဲ့ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်မှု တွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
2 years Ago
Up