မန္တလေးမြို့မှာ ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်နေတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးအား အကြမ်းဖက်စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တွေ အသီးသီး မတရားချမှတ်ထားတယ်လို့ သိရပါတယ်။
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုးကို အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၃၁ ရက်က ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ကိုကျော်သီဟစိုးဟာ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၂ (ခ)၊ ပုဒ်မ ၅၀၅ ကတို့နဲ့ တရားစွဲဆိုခံခဲ့ရကာ ပုဒ်မ - ၅၂ (ခ) အတွက် ထောင်ဒဏ် ၇ နှစ် နဲ့ ပုဒ်မ ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ်တို့ကို သီးခြားကျခံရမှာဖြစ်ပါတယ်။
ကိုကျော်သီဟစိုးဟာ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်အပြင် နောက်ထပ် ပုဒ်မ ၅၀၅ - က အတွက်လည်း ထပ်မံရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များဖြစ်ကြတဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကိုလည်း စက်တင်ဘာ ၁ ရက်က ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ်စီ မတရား အမိန့်ချခံထားရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တွေကို မတရားတဲ့ အမိန့်တွေနဲ့ ထောင်ဒဏ်ချမှတ်မှုအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မတရားဖမ်းဆီးခံနိုင်ငံရေး အကျဥ်းသားသူရဲကောင်းတွေနဲ့ အကျဉ်းချခံ ဓမ္မဘက်တော်သားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ကျောက်ဆိပ်ကျေးရွာသား ၅ ယောက်ကို စစ်တွေခရိုင် တရားရုံးက ဇူလိုင် ၆ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“စစ်တွေခရိုင်တရားရုံးက ဒီနေ့ အမှုဆုံးဖြတ်တာပါ။ ၅ ဦးစလုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။”လို့ မိသားစုဝင် တယောက်က ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ဖြစ်ကြပါတယ်။
ရွာသား သုံးယောက်ဟာ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ၂ နှစ်ကျော်ကြာ အမှုရင်ဆိုင်ပြီးမှ အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ တရားမျှတမှု လုံးဝမရှိဖြစ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
“ဒီလူတွေက အရပ်သားတွေဖြစ်နေတယ်။ ညှဥ်းပန်းနှိပ်စက်ခံခဲ့ကြရတာလည်း မှန်ကန်နေတယ်။ ဒီလူတွေက ၂ နှစ်ကျော်အထိ တရားရင်ဆိုင်လာခဲ့ကြရပြီးမှ အခုလို ထောင်ဒဏ်ချလိုက်တာက တရားမျှတမှု လုံးဝမရှိဘူးဖြစ်နေတယ်။”
သူတို့ဟာ စစ်ရေယာဉ်ပေါ်မှာလည်း စစ်သားတွေရဲ့ ဝိုင်းဝန်းနှိပ်စက်တာကို ခံခဲ့ရသလို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလကတည်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ- ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။