close

ထောင်ဒဏ်အနှစ် ၂၀

close

November 5, 2021

ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရသည့် NLD နာယက ဦးဝင်းထိန်ကို နေပြည်တော်အချုပ်တွင် ဆက်ထား

NLD နာယက ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်မှာပဲဆက်လက်ထိန်းသိမ်းထားပြီး အနှစ် ၂၀ ထောင်ဒဏ် ပြစ်ဒဏ်အတွက် အယူခံကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို တင်သွင်းသွားမယ်လို့ သူ့ရဲ့ရှေ့နေ ဦးမြင့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတရားရုံးက  ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ထောင်ဒဏ်အနှစ် ၂၀ ချမှတ်တာဟာ ဥပဒေအရရော စီရင်ထုံးအရရော ညီညွတ်မှုမရှိတဲ့အတွက် အယူခံဝင်ရတာလို့ ရှေ့နေက ဆိုပါတယ်။ 

ဦးဝင်းထိန်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပြီး ဦးဝင်းထိန်ဟာ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ဦးဝင်းထိန်ကို ထောင်ဒဏ်ချမှတ်ပြီးဖြစ်ပေမဲ့  နေပြည်တော်အချုပ်ထောင်မှာပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

တရားစွဲခံထားရတဲ့အမှုတွေအတွက် နိုင်ငံ့ခေါင်းဆောင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့ဘက်ကနေ   သက်သေအဖြစ်ထွက်ဆိုဖို့ ဦးဝင်းထိန်ကို ရှေ့နေအဖွဲ့က တရားရုံးကိုတင်သွင်းထားတာကြောင့် နေပြည်တော်အချုပ်ထောင်မှာပဲ ဦးဝင်းထိန်ဆက်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၈ဝ အရွယ် ဉီးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြခဲ့ပါတယ်။ 

ဉီးဝင်းထိန်ဟာ အသက်အရွယ်အရ ရောဂါအခံရှိနေသူဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း ဉီးဝင်းထိန်ဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်၂ ကြိမ်ကျခဲ့ဖူးပြီး အနှစ် ၂၀ နီးပါး မန္တလေးထောင်၊ အင်းစိန်ထောင်နဲ့ မြင်းခြံထောင်တွေမှာ နေခဲ့ရပါတယ်။ 

3 mins Ago
Up