ရန်ကုန်တိုင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးကို နေပြည်တော်စစ်ကောင်စီတရားရုံးက ဇွန်လ ၂၀ ရက်နေ့ရုံးချိန်းမှာ အဂတိအမှု ၅ မှုအတွက် တစ်မှုကို ၃ နှစ်နှုန်းနဲ့ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
ဦးရဲမင်းဦးဟာ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန်တာဝန်နဲ့ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌရာထူးတွေကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
နေပြည်တော်စည်ပင်ဘဏ်ကနေ ချေးငွေထုတ်ပေးတဲ့ကိစ္စတွေနဲ့ တင်ဒါကိစ္စတွေမှာ မလျော်ဩဇာသုံးခဲ့တယ်လို့ ဦးရဲမင်းဦးကို စစ်ကောင်စီက စွပ်စွဲပြီး အဂတိအမှု ၅ မှုနဲ့ ၂၀၂၁ ဩဂုတ် ၅ ရက်နေ့မှာ တရားစွဲခဲ့တာပါ။
တရားရုံးနဲ့နီးစပ်သူတစ်ယောက်က "ကိုရဲမင်းဦးကို မနေ့က အဂတိအမှု ၅ မှုအတွက် တစ်မှုကို ၃ နှစ်နဲ့ ၁၅ နှစ်ချလိုက်တယ်။ နေပြည်တော်မှာစစ်နေတာပဲ။ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအနေနဲ့ ဘဏ်ကနေ ငွေချေးတဲ့ကိစ္စတွေပဲ။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်မှုကိုသုံးနှစ်နဲ့ ၁၅နှစ်ချလိုက်တယ်။" လို့ ပြောပါတယ်။
ဦးရဲမင်းဦးကို ၂၀၂၀ မတ်လ ၃ ရက်နေ့မှာ စီမံဘဏ္ဍာဝန်ကြီးအဖြစ် ရန်ကုန်တိုင်းလွှတ်တော်ကသဘောတူ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သူ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနေရာမှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး အစောဆုံးဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ဦးရဲမင်းဦးလည်းပါဝင်ခဲ့ပြီး အကြမ်းဖက်နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ ပါတယ်။
ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို စစ်ကောင်စီက အဂတိလိုက်စားမှု ၅ မှုနဲ့ စွပ်စွဲပြီး အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ် ချမှတ်လိုက်ပါတယ်။
ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှုအတွက် ဧပြီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပြစ်မှုစီရင်ခဲ့တာဖြစ်ပြီး တစ်မှုလျှင် ၃ နှစ်စီနဲ့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဦးနိုင်ငံလင်းဟာ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာ အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီပိုင်ရှင်ထံက ငွေကျပ်သိန်း ၁၈၀ နဲ့ တံစိုးလက်ဆောင်တွေ အပါအဝင် တခြားကုမ္ပဏီပိုင်ရှင် သုံးဦးနဲ့ ကုမ္ပဏီတခုထံက ငွေကြေးတံစိုးလက်ဆောင်တွေ လက်ခံရယူခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲ ထောင်ချခံရသူဘက်က ပြန်လည်တုံ့ပြန်ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။
စစ်တပ်ဟာ နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် အန်အယ်လ်ဒီ အစိုးရအဖွဲ့ဝင်တွေကို ဥပဒေပြင်ပ အရင်ဆုံးဖမ်းဆီးခဲ့တာဖြစ်ပြီး တနှစ်လောက်ကြာလာတဲ့ အချိန်မှာ အဂတိလိုက်စားမှုတွေနဲ့တဖက်သတ်စွပ်စွဲပြီး သက်သေအထောက်အထားတခုမှ မပြနိုင်ဘဲ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။