အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အီတိုးကို မနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ၉ မိုင်က နေအိမ်တအိမ်မှာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက်တို့နဲ့ အတူ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။
အဆိုတော် အီတိုးဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ပြီး PDF တွေကို ထောက်ပံ့တယ်ဆိုပြီးလည်း စစ်ကောင်စီကစွပ်စွဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ၂၀ ရက်နေ့မှာတော့ နေအိမ်ကနေ ပြန်လည် ဖမ်းဆီးသွားတာပါ။
ပြန်လည်ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီး မနေ့က ထောင်တွင်း တရားရုံး ကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံနေရတဲ့ တေးသံရှင်ပိုင်သက်ကျော်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ဇူလိုင် ၁ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ယောက်က အတည်ပြုပြောပါတယ်။
ပိုင်သက်ကျော်ကို ပြီးခဲ့တဲ့ မတ်လတုန်းက ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာရှိ နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ တရားစွဲဆိုခဲ့တာပါ။
အင်းစိန်ထောင်တွင်းမှာ အရပ်ဖက်တရားရုံး ၃၈ ရုံးနဲ့ စစ်ခုံရုံး ၆ ရုံးကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး ပိုင်သက်ကျော်ကိုတော့ လှိုင်သာယာမြို့နယ်နဲ့သက်ဆိုင်တဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ တရားစွဲဆို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တေးသံရှင်ပိုင်သက်ကျော်ဟာ နာမည်ကျော်မိုနိုတေးသီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ ပရိသတ် အခိုင်အမာရှိထားတဲ့အဆိုတော်တယောက်ဖြစ်ပြီး လက်နှစ်ဖက်မရှိတဲ့ မသန်စွမ်းတဦးလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပိုင်သက်ကျော်ကို PDF တွေနဲ့ CDM တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ထောင်ချခဲ့တာဖြစ်ပါတယ်။