close

ထောင်ပိုင်

close

November 26, 2022

ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာပို့ခွင့်ပြုသည့် ထောင်ပိုင် ၁ ဦး စစ်ဆေးခံနေရ

အင်းစိန်ထောင်ဗုံးကွဲပြီး ထောင်ဝင်စာ ပို့ခွင့် ပိတ်ထားချိန် ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ပို့ခွင့် ပြုခဲ့တဲ့ ထောင်ပိုင်တဦးကို စစ်ဆေးနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ငွေကြေးရယူကာ ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပြုခဲ့လို့ ဝန်ထမ်းအချင်းချင်း တိုင်ကြားရာက အဲဒီထောင်ပိုင်ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူက "အခွင့်ထူးခံပေါ့။ ပိုက်ဆံရလို့ ပို့ခွင့်ပြုတာ။  ပို့ခွင့်ပြုတဲ့ ထောင်ပိုင်ကို အခု ခုံရုံးဖွဲ့ပြီး စစ်နေတယ်။ တာဝန်က အနားပေးမလား။ ဖမ်းဆီးအရေးယူမလား မသိသေးဘူး။ နာမည်ကတော့ ထုတ်ပြောလို့ မရဘူး" လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲကာ ဝန်ထမ်း သုံးယောက်နဲ့ ထောင်ဝင်စာပို့သူ ၅ ယောက် သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီးနောက် ထောင်ဝင်စာပို့ခွင့်ကို  အောက်တိုဘာ ၃၁ ရက်အထိ နှစ်ပတ်လောက် ပိတ်ထားခဲ့ရာက နိုဝင်ဘာ ၁ ရက်က စပြီး ထောင်ဝင်စာပို့ခွင့် ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ-၂၄နဲ့ အမှု ရင်ဆိုင်နေရတဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဇေသီဟတို့ကို မတ် ၂၂ ရက်မှာ ဗဟန်းမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်ကို ပို့ခဲ့တာပါ။

သူတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့်  ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တရားစွဲဆိုထားတဲ့ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ -၂၄ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

9 hours Ago

October 25, 2022

သရက်ထောင်မှ နိုင်ကျဉ်းတဦး ထွက်ပြေးသွားသဖြင့် ထောင်ပိုင်အပါအဝင် ၄ ဦးအရေးယူခံရ

မကွေးတိုင်း၊ သရက်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတဦး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ထောင်ပိုင်ကြီးအပါအဝင် လေးဦးကို ခုံအဖွဲ့ဖွဲ့စစ်ဆေးပြီး အရေးယူလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့တလကျော်က အဲဒီထောင်က ထောင်သားနှစ်ဦး ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ တဦး ဖမ်းမိပြီး နောက်တဦးက ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။  

အဲဒီလို ထောင်သားထွက်ပြေးလွတ်မြောက်သွားတဲ့သတင်းကို အကျဥ်းဦးစီးဌာနက ဖုံးဖိထားခဲ့ပြီး တာဝန်ရှိတဲ့ထောင်ပိုင်၊ ဒုထောင်ပိုင်နဲ့ ကျန်အရာရှိနှစ်ဦးတို့ကို ခုံအဖွဲ့ဖွဲ့စစ်ဆေးခဲ့တာလို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက “အစစ်ခံရတဲ့သူတွေကို အရပ်ဘက်ပြောင်းလိုက်တာ။ ဒီ ရက်ပိုင်းလေးမှာပဲ။ အရေးယူခံရတာ။ တခြားအရေးယူတာမျိုးတော့ မကြားဘူး။ အခုလူအသစ်တွေ အစားထိုးထားတယ်” လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းကာလအတွင်း တခြားအကျဥ်းထောင်တချို့မှာလည်း ထောင်သားတွေ ထောက်ဖောက်ပြေးမှုတွေ ရှိခဲ့တာကြောင့် အကျဥ်းထောင်တွေကို လုံခြုံရေးပိုမိုတင်းကျပ်နေတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့အပတ်က အင်းစိန်ထောင်ပေါက်ကွဲမှု ဖြစ်စဥ်ကြောင့် ထောင်အားလုံး ထောင်ဝင်စာတွေ့တာတွေ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

1 month Ago
Up