အင်းစိန်ထောင်ဗုံးကွဲပြီး ထောင်ဝင်စာ ပို့ခွင့် ပိတ်ထားချိန် ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ပို့ခွင့် ပြုခဲ့တဲ့ ထောင်ပိုင်တဦးကို စစ်ဆေးနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ငွေကြေးရယူကာ ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပြုခဲ့လို့ ဝန်ထမ်းအချင်းချင်း တိုင်ကြားရာက အဲဒီထောင်ပိုင်ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။
အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူက "အခွင့်ထူးခံပေါ့။ ပိုက်ဆံရလို့ ပို့ခွင့်ပြုတာ။ ပို့ခွင့်ပြုတဲ့ ထောင်ပိုင်ကို အခု ခုံရုံးဖွဲ့ပြီး စစ်နေတယ်။ တာဝန်က အနားပေးမလား။ ဖမ်းဆီးအရေးယူမလား မသိသေးဘူး။ နာမည်ကတော့ ထုတ်ပြောလို့ မရဘူး" လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲကာ ဝန်ထမ်း သုံးယောက်နဲ့ ထောင်ဝင်စာပို့သူ ၅ ယောက် သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီးနောက် ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၃၁ ရက်အထိ နှစ်ပတ်လောက် ပိတ်ထားခဲ့ရာက နိုဝင်ဘာ ၁ ရက်က စပြီး ထောင်ဝင်စာပို့ခွင့် ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ-၂၄နဲ့ အမှု ရင်ဆိုင်နေရတဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဇေသီဟတို့ကို မတ် ၂၂ ရက်မှာ ဗဟန်းမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်ကို ပို့ခဲ့တာပါ။
သူတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့် ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တရားစွဲဆိုထားတဲ့ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ -၂၄ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် ထောင်ဝင်စာပို့ခွင့်ပိတ်ခဲ့တဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးတဲ့နောက် ထောင်ဝင်စာလာပို့သူတွေဟာ များပြားလွန်းတဲ့အတွက် ထောင်ရဲ့အပြင်မှာ တန်းစီစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် မနက် ၉ နာရီခွဲလောက်က အင်းစိန်ထောင် ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် ထောင်ဝင်စာပို့တာကို အဲ့ဒီနေ့ကတည်းကစပြီး ၃၁ ရက်နေ့အထိ နှစ်ပတ်နီးပါး ပိတ်ထားခဲ့ရာ နိုဝင်ဘာ ၁ ရက်ကစပြီး ထောင်ဝင်စာပို့ခွင့်ကို ပြန်လည်လက်ခံခဲ့တာကြောင့် ထောင်ဝင်စာလာပို့တဲ့သူ များပြားခဲ့ပြီး မနက် ၆ နာရီလောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ ထောင်ဝင်စာပို့သူတွေက ပြောပါတယ်။
အခုအပတ်မှာတော့ အချုပ်ဆောင်၊ အကျဆောင် ထောင်ဝင်စာပို့တာကို လက်ခံမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ အချုပ် ၃ ရက် အကျ ၃ ရက်နဲ့ တလှည့်စီ လက်ခံမှာဖြစ်ပြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးကို ထောင်အချုပ်ဆောင်တွေအတွက်၊ ကြာသပတေး၊ သောကြာ၊ စနေမှာတော့ ထောင်အကျဆောင်အတွက်ဆိုပြီး တပတ်ကို ၃ ကြိမ်စီ ထောင်ဝင်စာလက်ခံမယ်လို့ သိရပါတယ်။
ထောင်ဝင်စာပို့ဆောင်တဲ့သူတွေအနေနဲ့ အရင်ကလို ထောင်ဘူးဝကို တပါတည်း ဝင်ခွင့်မရတော့ဘဲ ထောင်ဝင်စာပို့ဆောင်လိုသူတွေအနေနဲ့ ထောင်ရဲ့အပြင်ဘက်မှာ စောင့်ဆိုင်းခွင့်ရရှိမှာဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးမေးမြန်းတာတွေနဲ့ သက်သေခံကတ်ပြားတွေ ကန့်သတ်ချက်တွေများစွာနဲ့ ကိုက်ညီမှပဲ ထောင်ဝင်စာပို့ဆောင်ခွင့် ရတယ်လို့ ထောင်ဝင်စာပို့သူတွေက ပြောပါတယ်။
၂ ပတ်လောက် ထောင်ဝင်စာအပိတ်ခံခဲ့တာကြောင့် အရင်က ထောင်ဝင်စာပို့ချိန်ဟာ မနက် ၇ နာရီကနေ မွန်းလွဲ ၂ နာရီလောက်အထိပဲ ပို့ခွင့်ရပေမဲ့ ဒီရက်ပိုင်းမှာတော့ မနက် ၇ နာရီကနေ ညနေ ၆ နာရီလောက်အထိ ပို့ဆောင်ခွင့်ပေးတယ်လို့ သိရပါတယ်။