ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဆင်းရဲနွမ်းပါးသူတွေရဲ့ အမှုအခင်းတွေကို အခမဲ့ ရှေ့နေအဖြစ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးစန်းလွင်နဲ့ နိုင်ငံရေးလှုပ်ရှားသူ ၈ ဦးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။
ဖျာပုံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်ကို ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကိုစန်းလွင်ကို ဘိုကလေးမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ဆိုပြီး ခုလို ထောင်ချလိုက်တာ ထောင်ထဲမှာ အဖမ်းခံထားရတာ ၁ နှစ်ကျော်လောက်ရှိပြီ။”
တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်ကို အမိန့်ချတဲ့နေမှာပဲ ဖျာပုံအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈ ဦးကိုပါ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်ဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမတိုင်ခင်မှာ ဘိုကလေးမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ရှေ့နေအဖြစ် ကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒါ့ပြင်မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှာလည်း ဧရာဝတီတိုင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာမြို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က နိုင်ငံရေးအကျဉ်းသားတွေကို အခမဲ့ ရှေ့နေအဖြစ်ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခဲ့ပါသေးတယ်။
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုမျိုးမင်းအောင်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ၄ လလောက်အကြာမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
“သူက အေးဆေးသမား နိုင်ငံရေးလည်း မလုပ်ဘူး။ အဲ့တာကို ဖမ်းသွားပြီး အသံဖိုင်တွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ထောင်ချလိုက်တာ။ အသံဖိုင်ကလည်း ဆန္ဒပြပွဲတုန်းက ပြောထားတဲ့ ဖိုင်၊ အဲ့တာကို ၅၀၅ နဲ့ဆွဲပြီး ထောင် ၂ နှစ်ချလိုက်တာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ ကိုမျိုးမင်းအောင်ဟာ စစ်ကောင်စီရဲ့ ပထမအကြိမ် ဖမ်းဆီးခံရစဉ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ဒုတိယအကြိမ် ထပ်ဖမ်းဆီးချိန်မှာ ခုလို ထောင်ချခံခဲ့ရတာလို့ ဆိုပါတယ်။
အစ်ကို ဖြစ်သူ ကိုမျိုးမင်းအောင် ထောင်ချခံရတာနဲ့ပတ်သက်ပြီး ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက မှတ်ချက်ပေးပြောဆိုပါတယ်။