တရုတ်နိုင်ငံကို ထောပတ်သီး တရားဝင်တင်ပို့ရောင်းချနိုင်ဖို့အတွက် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးကြီးကြပ်ရေးနဲ့ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ထံကို မြန်မာနိုင်ငံဘက်က ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် စံနှုန်းသတ်မှတ်ချက်တွေပါတဲ့ protocolကို ပေးပို့တင်ပြထားတယ်လို့ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်သူတွေ ထံကသိရပါတယ်။
တရုတ်နိုင်ငံ GACC အဖွဲ့နဲ့ မြန်မာနိုင်ငံအကြား သဘောတူစာချုပ် MOU လက်မှတ်ရေးထိုးပြီးမှသာ တရုတ်နိုင်ငံကို မြန်မာထောပတ်သီး တရားဝင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သီးနှံ ၉ မျိုး တရားဝင် တင်ပို့ခွင့်ရရှိထားပြီး ထောပတ်သီးနဲ့ နာနတ်သီးကို ထပ်မံတင်ပို့ခွင့် ရရှိနိုင်ဖို့ ဆောင်ရွက်နေတာပါ။
ထောပတ်သီး လုပ်ငန်းရှင်တစ်ဦးက“တရုတ်ကို မြန်မာဘက်က ထောပတ်သီးတွေတရားဝင်တင်ပို့ဖို့ လုပ်ငန်းစဉ် စတင်နေပြီလို့ သိရပါတယ်။ ထောပတ်သီး protocol ကို တရုတ် GACC ဘက်ကိုပေးပို့ထားပြီးတဲ့ အဆင့်ပါ။ တရုတ်ဘက်က စစ်ဆေးရေးက လူကိုယ်တိုင်လာမလား အွန်လိုင်းစစ်မလားမသိသေးဘူး”လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာ့ငှက်ပျောကို တရားဝင် တင်ပို့ခွင့်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ နာနတ်သီးတင်ပို့ခွင့်နဲ့ ပတ်သက်ပြီး MoU အကြမ်းကို တရုတ်နိုင်ငံ GACC ဘက်က ပေးပို့ထားလို့ တောင်သူ လုပ်ငန်းရှင်အသင်းအဖွဲ့တွေ သဘောထား မှတ်ချက်ပြန်ယူပြီးတဲ့ အဆင့်ရောက်ရှိနေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက “တရုတ်နဲ့ဆိုရင် ကုန်သွယ်မှုရထားတဲ့ သီးနှံ ၉ မျိုးပဲရှိတယ်။ အဲထဲမှာ ထောပတ်သီးမပါဘူး။ GACC ဆိုတဲ့ List မှာ မပါလာဘူးဆိုရင် တရုတ်နဲ့ ကုန်သွယ်လို့မရဘူး” ပြောပါတယ်။
GAP စနစ်နဲ့ စိုက်ပျိုးထွက်ရှိပြီး GAP လက်မှတ်ရထုတ်ပိုးစက်ရုံကနေ ထုတ်လုပ်ထားတဲ့ ထောပတ်သီးကိုသာ တရုတ်နိုင်ငံက တင်ပို့ခွင့်ပြုမှာဖြစ်ပြီး ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေးကိုလည်း စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ သိရပါတယ်။
လက်ရှိ ဒီကဏ္ဍမှာတော့ ထောပတ်သီးကို ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးပြီး ထုတ်ပိုးစက်ရုံ ထူထောင်ကာ ပြန်လည်တင်ပို့နိုင်ရေး လုပ်ဆောင်ဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မလေးရှားက သစ်သီးကုမ္ပဏီအုပ်စုကြီးတွေနဲ့ ဆွေးနွေးဆောင်ရွက်နေကြတယ်လို့ ယင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။
မြန်မာ့ထောပတ်သီးနှံဟာ လက်ရှိမှာ ပြည်ပစျေးကွက်တွေ ချဲ့ထွင်တင်ပို့နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပေမဲ့ ပြည်တွင်းမှာ သွင်းအားစုစျေး ကြီးမြင့်နေတာ၊ လျှပ်စစ်မီး မမှန်တာ၊ ကျွမ်းကျင်လုပ်သားရှားပါးတာနဲ့ ပို့ကုန်ရငွေကို မြန်မာကျပ်ငွေလဲလှယ်ရမယ်ဆိုတဲ့ မူဝါဒ အပါအဝင် ကုန်သွယ်ရေး မူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာစတဲ့ အချက်တွေက ထောပတ်သီးကဏ္ဍအပေါ်မှာ သက်ရောက်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းစားသုံးပြီး ၉၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာ့ထောပတ်သီးတွေကို ပုံမှန်လမ်းကြောင်းကနေ မလေးရှားနိုင်ငံကို အနည်းငယ်တင်ပို့နေပြီး အိမ်နီးချင်းထိုင်းစျေးကွက်ကို နယ်စပ်လမ်းကြောင်းကနေ အများအပြား တင်ပို့ရောင်းချနေပေမဲ့ တရားဝင်ကုန်သွယ်မှုဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရချင်း G to G သဘောတူညီချက်ရရှိဖို့ လိုအပ်နေသေးတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိက စိုက်ပျိုးနေတာ ဖြစ်ပါတယ်။
ထိုင်းနဲ့ မလေးရှားနိုင်ငံကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထောပတ်သီး စတင် တင်ပို့နေပြီလို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ လုပ်ငန်းအသိုက်အဝန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းက ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့မှာ ပြုလုပ်တဲ့ အသီးအနှံပြပွဲတွေမှာ မြန်မာ့ထောပတ်သီးကို သွားရောက်ပြသခဲ့ရာကနေ ပြည်ပဝယ်လက်တွေရဲ့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပြီး အဲဒီအထဲကမှ အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို စတင်တင်ပို့လာနိုင်တာလို့ ဆိုပါတယ်။
ထောပတ်စိုက်ပျိုးတောင်သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ Shan Avocado Company က တင်ပို့ရောင်းချသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်းနဲ့ ပြင်သစ်နိုင်ငံ တို့ကိုလည်း လက်ရှိ ထောပတ်သီးရာသီအမီ တင်ပို့ဖို့ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက “နှစ်လလောက် အပြင်းအထန် ကြိုးစားခဲ့ပြီးနောက်မှာ မြန်မာ့ထောပတ်သီးကို မလေးရှားသို့ တရားဝင် တင်ပို့နိုင်ခဲ့ပါတယ်။ ကိုဗစ်အလွန်မှာ ကမ္ဘာ့ထောပတ်သီးစျေးကွက်က အကျဘက်ကို ဦးတည်ခဲ့သလို ကျနော်တို့နိုင်ငံရဲ့ ပို့ကုန်/သွင်းကုန် စည်းမျဥ်း၊ စည်းကမ်း ဥပဒေတွေ အခက်အခဲတွေရဲ့အောက်မှာ တရားဝင်တင်ပို့နိုင်ဖို့ အဘက်ဘက်က ကြိုးစားအားစိုက်ခဲ့ပြီးမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့က ပြပွဲတွေမှာ နိုင်ငံ ၁၆ နိုင်ငံက ကုမ္ပဏီပေါင်း ၁၀၀ ကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့ပြီး EU နိုင်ငံတွေ၊ ဒူဘိုင်းနဲ့ အာရှနိုင်ငံတွေက ကုမ္ပဏီ ၄၀ ကျော်နဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ထောပတ်သီးနမူနာတွေ တင်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကနဦးတင်ပို့ဖို့ ရွေးချယ်ခဲ့တာနဲ့ ပက်သက်ပြီး ဦးကျော်စိုးမင်းက “နည်းပညာအရ pre_cooling အတွက် အခြေခံအဆောက်အအုံ အားနည်းတာ၊ ကုန်သွယ်ရေး စည်းမျဥ်းစည်းကမ်း အခက်အခဲတချို့ကို မကျော်လွှားနိုင်တာ၊ ထောပတ်ရာသီကုန်ချိန် ရောက်ရှိလာတာ စတဲ့အချက်တွေကို ခြုံငုံသုံးသပ်ပြီး အိမ်နီးချင်း မလေးရှားနဲ့ ထိုင်းနိုင်ငံသို့ ဦးစွာတင်ပို့ဖို့ ရွေးချယ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံက တောင်သူတွေ စုပေါင်းရောင်းချမူကို အားပေးပြီး Global GAP ရှိတာကြောင့် စျေးပိုပေးတဲ့အတွက် ဒီနှစ် ထောပတ်သီးရာသီကုန်တဲ့အထိ ဆက်လက် တင်ပို့သွားမယ်လို့လည်း ဆိုပါတယ်။
ဒါဟာ အခုဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထောပတ်သီး export ဈေးကွက်ကို စတင်လာနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အစောပိုင်းကာလတွေမှာတော့ အခက်အခဲနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ရေလမ်းကနေ ပြည်ပကို ထောပတ်သီးတင်ပို့နိုင်မှု အလျဉ်းမရှိခဲ့ပါဘူး။
အခုတင်ပို့ရောင်းချမှုမှာလည်း စျေးကောင်းရတာကြောင့် မဟုတ်ဘဲ စျေးကွက်ထိုးဖောက်ဖို့ လိုအပ်တာကြောင့် စွန့်စားတင်ပို့ခဲ့တာလို့ ဆိုပါတယ်။
export ဈေးကွက်နဲ့ပတ်သက်ပြီး ထောပတ်သီး ပို့ကုန်လုပ်ငန်းရှင်တဦးက “အခက်အခဲတွေ အများကြီးပဲ၊ ဈေးကောင်းလည်းမရဘူး။ ငွေလဲနှုန်းအဟလည်း ပြင်းတယ်။ ၃၅-၆၅ ရာခိုင်နှုန်းကြောင့် ကွန်တိန်နာတလုံး သိန်း ၃၀၀ နီးပါးနာတာမို့ အများကြီးလည်း မပို့နိုင်ကြဘူး။ လာမယ့်နှစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ရယ် ဖောက်ကို ဖောက်ရမယ့် စျေးကွက်အတွက်ရယ် စွန့်ဦးရုန်းကန်ကြတာပဲ” လို့ ပြောပါတယ်။
မြန်မာ့ထောပတ်သီးကို ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချရာမှာ ရေကြောင်းခရီး ကြာမြင့်ချိန်၊ ကြီးမြင့်နေတဲ့ သယ်ယူပို့ဆောင်ခနှုန်းထား၊ နိုင်ငံတကာပေါက်ဈေးနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်ခြင်းရှိမရှိ၊ ကုန်စိမ်းဖြစ်တဲ့အတွက် ဆုံးရှုံးနိုင်ခြေ စတဲ့စိန်ခေါ်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါ့အပြင် ပို့ကုန်ရငွေတွေအပေါ် ချမှတ်ထားတဲ့ ငွေကြေးမူဝါဒတွေကလည်း ထောပတ်သီး export ကဏ္ဍအတွက် စိန်ခေါ်မူတရပ်အဖြစ် ရှိနေပါတယ်။
ထောပတ်သီးလုပ်ငန်းရှင်တဦးက “ဘဏ်တွေရဲ့ စနစ်က ကောင်းကောင်းပြန်မလည်သေးဘူး။ နောက်တခုက သင်္ဘောနဲ့ပို့ရင် ကုန်ကျစရိတ်ပြဿနာရှိတယ်။ အဲဒါနဲ့ တွက်ခြေကိုက်ပါ့မလား ဆိုတာရှိတယ်။ နောက်ပြီးတော့ ပို့ကုန်ရငွေကို နောက်ဆုံးလုပ်ထားတာ ၆၅/ ၃၅ ပေါ့နော်။ ၆၅ ရာခိုင်နှုန်း ဗဟိုဘဏ်နှုန်းနဲ့ လဲရမယ်ဆိုတော့ ဒီ ၂၁၀၀ နဲ့တွက်လို့ရှိရင် ဝယ်ရတဲ့ဈေးနဲ့ တွက်ခြေကိုက်ပါ့မလားဆိုပြီး ထောပတ်သီးပို့တဲ့သူတွေက ချင့်ချိန်နေကြတာ” လို့ ပြောပါတယ်။
မြန်မာ့ထောပတ်သီးစျေးကွက်က ပြည်တွင်းဝယ်ယူစားသုံးမှု အားကောင်းနေသလို လက်ရှိမှာ ပြည်ပစျေးကွက်အတွက်လည်း အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ လတ်တလော မြန်မာပြည်တွင်း အခြေအနေတွေကြောင့် ပြည်ပဈေးကွက် တင်ပို့နိုင်ဖို့ ခက်ခဲနေတာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း အအေးခန်း ကွန်တိန်နာ အချိန်မီမရတာ၊ ကွန်တိန်နာ ငှားရမ်းခဈေးနှုန်း ကြီးမြင့်နေတာနဲ့ ဘဏ်အကျပ်အတည်းပြဿနာ၊ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် စတဲ့ စိန်ခေါ်မှုတွေကြောင့် UK အပါအဝင် ပြည်ပစျေးကွက် အခွင့်အလမ်းတွေကို ဆိုင်းငံ့လိုက်ရတာ၊ လက်လွှတ်လိုက်ရတာတွေ ရှိခဲ့ပါတယ်။
မြန်မာ့ထောပတ်သီးတွေကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းစျေးကွက်ကို နယ်စပ်လမ်းကြောင်းကနေ တင်ပို့ရောင်းချနေပေမဲ့ တရားဝင်ကုန်သွယ်မှုဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရချင်း G to G သဘောတူညီချက်ရရှိဖို့ လိုအပ်နေပါသေးတယ်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ရဲ့ ဒုဥက္ကဋ္ဌ ဦးကျော်သူက “တရုတ်နဲ့ဆိုရင် ကုန်သွယ်မှုရထားတဲ့ သီးနှံ ၉ မျိုးပဲရှိတယ်။ အဲထဲမှာ ထောပတ်သီးမပါဘူး။ GACC ဆိုတဲ့ List မှာ မပါလာဘူးဆိုရင် တရုတ်နဲ့ ကုန်သွယ်လို့မရဘူး။ ခိုးပြီးရောင်းတာပဲ လုပ်လို့ရမယ်။ ထိုင်းနဲ့လည်း အတူတူပဲ။ G to G သဘောတူညီထားတဲ့ အထဲမှာ ထောပတ်သီးမပါသေးဘူး။ အဲဒါပါမှပဲ တရားဝင်ကုန်သွယ်လို့ရမယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ အရပ်စကားပြောရရင် အောက်လမ်းက ခိုးပို့တဲ့ အနေအထားပဲ ဖြစ်နေမှာ” လို့ ပြောပါတယ်။
အခုနှစ်မှာ ထောပတ်သီးထွက်ရှိမှုနှုန်း အရင်နှစ်ထက် ပိုများခဲ့တာကြောင့် export စျေးကွက်ကောင်းဖို့ တောင်သူနဲ့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးတယ်လို့ သိရပါတယ်။