ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ထဲမှာ မတ်လ ၁၅ ရက် ညနေပိုင်းက ဘုရားဖူးရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီကားတစီး တိမ်းမှောက်ပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရကာ အဘွားအိုတဦး သေဆုံးသွားပါတယ်။
အဆိုပါဘုရားဖူးတွေဟာ မိုင်းကိုင်မြို့နယ် ပန်နင်ကျေးရွာကဖြစ်ပြီး မိုင်းကိုင်မြို့မွေတော် တပေါင်းလပြည့် ဘုရားလာဖူးကြတာဖြစ်ကြောင်း၊ အပြန်ခရီး ကောင်းမူးတန်ကျေးရွာနားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ မိုင်းကိုင်မြို့သားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ပန်နင်ကျေးရွာက ပလောင်တိုင်းရင်းသားတွေပါခင်ဗျ၊ မနေ့က မိုင်းကိုင် မွေတော်ဘုရားဖူးပြီး အပြန် ညနေ ၃ နာရီကျော်လောက်မှာ ကားမှောက်သွားတယ်။ ဘာကြောင့်မှောက်သွားလဲတော့ မသိရပါဘူး။ ဒဏ်ရာရတာ ၁၀ ယောက်ကျော်မယ်ထင်တယ်။ ဒဏ်ရာပြင်းထန်တာက ၃ ယောက်။ အဲဒါ သံဃသြဝါဒခံ နာရေးကူညီမှုအသင်းက လွိုင်လင်ဆေးရုံကြီးကို တညလုံး ပို့ပေးလိုက်တယ်။ ၃ ယောက်ထဲမှာ အသက် ၈၀ ကျော်အဘွားတယောက်က ကားပေါ်မရောက်ခင်ကို ဆုံးသွားပါတယ်။”
အဘွားအိုရဲ့ အလောင်းကို ဒီကနေ့ နာရေးအသင်းက ကူညီသင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာမပြင်းတဲ့ သူတွေကတော့ မိုင်းကိုင်ဆေးရုံမှာ ဆက်ကုနေကြောင်း၊ တချို့ကလည်း ပြင်ပလူနာအနေနဲ့ ဆေးထည့်ပြီး ပြန်သွားကြတယ်လို့ ဆိုပါတယ်။
မိုင်းကိုင်မှာ ရှေးဟောင်း မွေတော်ဘုရားပုထိုးတွေရှိပြီး နှစ်စဉ် တပေါင်းလပြည့်ရောက်တိုင်း ဘုရားပွဲကို စည်ကားစွာ ကျင်းပလေ့ရှိပါတယ်။
မနှစ်နဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကား မကျင်းပပေမယ့် ရွာသားတွေကတော့ အစဉ်အလာမပျက် ဘုရားလာဖူးနေပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့တောင်နီကွေ့ရပ်ကွက်အနီးမှာ မေ ၂၉ ရက်မနက်ပိုင်းက ရဲကား တစ်စီးကို ထော်လာဂျီတစ်စီးက ဝင်တိုက်မိပြီး ထော်လာဂျီမောင်းသူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲကားတိုက်ခံရပြီးတဲ့နောက် တောင်နီကွေ့အနီးတဝိုက် စစ်ဆေးတာတွေလုပ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က သပိတ်မှာ ပါဝင်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။
မေ ၂၈ ရက်ညကလည်း မင်္ဂလာကန်ပေါင်မှာ ငါးမျှားနေတဲ့ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။