ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ် ကျေးရွာတွေထဲ ဩဂုတ် ၂၇ ရက်ကစတင်ပြီး စစ်ကောင်စီတပ် ဝင်ရောက်လှုပ်ရှားကာ စစ်ရေးပြင်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံ ၁၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူ သတင်းမှာ ဖော်ပြပါတယ်။
စစ်တပ်က မုန်းမြို့နယ် ရေလဲ(ကရင်)ကျေးရွာကို မျက်နှာမူပြီး လက်နက်ကြီး တပ်ဆင်ထားတဲ့ အတွက် အဲဒီကျေးရွာနေသူတွေ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။
အဆိုပါ ရေလဲကျေးရွာမှာ အိမ်ခြေ ၁၈၀ ရှိပြီး လူဦးရေ ၁၀၀၀ နီးပါးရှိတဲ့ ရွာဖြစ်ပါတယ်။
အလားတူ မုန်းမြိုနယ်ထဲက ကရင်မျက်ရဲ၊ မာနီနဲ့ ရွာတန်းရှည်ကျေးရွာတွေကို စစ်တပ်က ဩဂုတ် ၂၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ နီးစပ်ရာ ကျေးရွာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၉ ရက်ကလည်း စစ်ကောင်စီတပ် ခလရ (၃၉)က မုန်းမြို့နယ်စီမံ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကနစိုးပင်ကျေးရွာသား စောရယ်ဖော (ခ) ဖိုးသောကြာ အသက်(၄၂) ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သတင်းမရတော့ဘူးလို့လည်းဆိုပါတယ်။
ခလရ(၃၉)တပ်ဟာ ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူတာအပြင် အိမ်းမွေးတိရစ္ဆာန် ကြက်၊ ဝက်စတာတွေကို ဖမ်းယူ စားသောက်နေတယ်လို့ ကေအန်ယူသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo-KNU
စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ညစဉ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ ၃၃ နှစ်ပြည့် ဩဂုတ် ၈ ရက်မနက်ပိုင်းက စတင်ကာ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး မြို့ပေါ်ရက်ကွက်ထဲထိ ကျရောက်နေတာကြောင့် ဒေသခံတွေ မိုးရေထဲ တစ်ညလုံး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
မဒိန်ကျေးရွာဒေသခံ တစ်ဦးက “ညတုန်းကတော့ တစ်ညလုံးပဲ မိုးရေထဲ နားလိုက် ပစ်လိုက်နဲ့ တိုက်ပွဲပုံစံလည်းမဟုတ်ဘူး။ ပြည်သူတွေရှိတဲ့ ဘက်ကိုပဲ ပစ်နေတာ ဒီမနက်ထိဘဲ။ ညတိုင်းပစ် နေတော့ အိပ်ရေးပျက်တာလည်း များနေပြီ” လို့ DVB ကိုပြောပါတယ်။
မနေ့ညက ပစ်ခတ်မှုကြောင့် မြို့ပေါ် ရက်ကွက်ရှိ အိမ်တွေမှာ လက်နက်ကျည်ထိမှန်တာတွေရှိသလို မြို့နယ်အားကစားခန်းမ အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တပ်စွဲကာ ပစ်ခတ်ခဲ့တာကြောင့် အားကစားရုံ ကိုဗစ်စင်တာနဲ့ လော်ဝေါ်ရိုးရာစင်တာက ကိုဗစ်လူနာတွေ ကြောက်လန့် ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၄ ရက်ညကလည်း အားကစားရုံကိုဗစ်စင်တာမှာ သေနတ်ကျည်တွေ လာရောက် ထိမှန်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၉ ရက်ညမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က မဒိန်ကျေးရွာအခြေစိုက် ခလရ ၅၈ တပ်ကို ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့နယ်အတွင်း တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်နေတာ တစ်ပတ်ကျော် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တချို့ကျေးရွာတွေက ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဇုန်နယ်အသင်းတော်ဝင်းနဲ့ ဆွေမျိုးတွေ နေအိမ်မှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ လူနေအိမ်တွေ လက်နက်ကြီးကျည်ထိမှန် မီးလောင်ပျက်စီးခဲ့တာရှိပြီး ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြရတာ ၄ ရက်လောက်ရှိပြီလို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ဖျားနာသူများလာပြီး ကျန်းမာရေးစစ်ဆေးဖို့ အခက်အခဲရှိတာကြောင့် ရိုးရာတိုင်းရင်းဆေးတွေနဲ့ ကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ်ရှိ အင်ဂျန်ဒုံ စစ်ရှောင်စခန်းတစ်ခုမှာ ပိုးတွေ့အတည်ပြုလူနာ ၆၀ ကျော်အထိ ရှိနေပြီး အဆိုပါ ကိုဗစ်လူနာတွေကို ကုသရာမှာ အမြန်သက်သာလာဖို့ ကချင်ရိုးရာ ဆေးမြစ် သစ်ရွက်တွေနဲ့ ကုသနေကြတာဖြစ်ပါတယ်။
စစ်ရှောင်တဦးက “တရုတ်တိုင်းရင်းဆေး ရေနွေးငွေ့ရှူသလိုပဲ၊ သူက သဘာ၀ ကချင်ဆေးမြစ်တွေကို အားလုံး ချက်ပြုတ်ပေါင်းပြီးရင် စောင်ခြုံ ဆေးငွေ့ရှူရင်း ချွေးထုတ်လိုက်ရင် ရောဂါပိုသက်သာလာသလို ခံစားစေတယ်။ ချွဲထွက်များရင် နုန်းတတ်တာကြောင့် မလုပ်ခင် အာဟာရဖြည့်ထားရင် ပိုကောင်းတယ်” လို့ ပြောပါတယ်။
အောက်ဆီဂျင်ရှူစရာမလိုဘဲ ရောဂါသက်သာစေတာကြောင့် အခုရက်ပိုင်း စစ်ရှောင်စခန်းတွေမှာ ပိုမိုအသုံးပြုကုသလာနေကြတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။