ဧပြီလလယ်ပိုင်းကစလို့ နေပြည်တော်ကို အရေးပါတဲ့ နိုင်ငံခြားသံတမန်တွေ ရောက်လာပြီး အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာချင်းလာဆိုင်ခဲ့ကြကာ မြန်မာ့အရေးကို သူ့ရှုထောင့်နဲ့သူ တံခါးလာခေါက်ကြည့်ကြပါတယ်။
ပထမ တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်၊ ဧပြီ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ နေပြည်တော်မှာ စိတ်ကြိုက်နေထိုင်ကာ ဒုတိယအာဏာရှင် သန်းရွှေနဲ့လည်းတွေ့၊ သန်းရွှေခန့်လို့ သမ္မတဖြစ်လာတဲ့ သိန်းစိန်နဲ့လည်းတွေ့။ ပြီးတော့ ကြံ့ဖွတ်ဥက္ကဋ္ဌနဲ့လည်းတွေ့၊ ဒေါက်တာအေးမောင်နဲ့လည်းတွေ့။
စိတ်ဝင်စားစရာကောင်းတာက ရန်ကုန်မြို့ပေါ်မှာ NLD ဗဟိုအလုပ်အမှုဆောင်တွေ ရှိနေလျက် သူတို့နဲ့ကျ မတွေ့ဘဲ NLD ကနေ ဖယ်ရှားခံထားရတဲ့ စန္ဒာမင်းနဲ့ တွေ့ခဲ့တယ် ဆိုတာပါပဲ။ NLD နဲ့ တွေ့ချင်တယ်ဆိုရင် စန္ဒာမင်းနဲ့တွေ့ပါလို့ စစ်အုပ်စုရဲ့ လက်ညှိုးညွှန်မှုအရ တွေ့ခဲ့တာများလား။ ဒါမှမဟုတ် စစ်အုပ်စုကို မဆန့်ကျင်တဲ့သူမို့ တွေ့ခဲ့တာများလား မပြောတတ်ပါဘူး။
NLD ကနေ အဖြုတ်ခံထားရတဲ့ စန္ဒာမင်းနဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တုန်းက အခြေအနေနဲ့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ခွင့် ရှိ၊ မရှိ အခြေအနေတွေကို မေးမြန်းသွားကြောင်းနဲ့ NLD ပါတီအပေါ် သံယောဇဉ်ရှိကြောင်း တရုတ်သံတမန်က ပြောကြားသွားတယ်လို့ သိရပါတယ်။ NLD ပါတီကို သံယောဇဉ်ရှိတယ်ဆိုတဲ့ တရုတ်သံတမန်က NLD က အဖြုတ်ခံထားရသူတဦးကို NLD ပါတီအကြောင်း တကူးတကန့် သွားမေးခဲ့တာဆိုတော့ သံတမန်တဦးရဲ့ ကျင့်ဝတ်သိက္ခာ ဘာလဲလို့ မေးခွန်းထုတ်စရာပါပဲ။
ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့တချက်က အဲဒီတရုတ်သံတမန်ဟာ NLD ပါတီကို ဆက်လက်ရှင်သန်စေလိုပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ထောက်ခံမှုရှိတယ်လို့ စန္ဒာမင်းက မီဒီယာကို ပြောကြားခဲ့ခြင်းပါပဲ။
တရုတ်အစိုးရက အဲဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားတာမျိုး မရှိလို့ တရုတ်သံတမန်က အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲအပေါ် ထောက်ခံမှုရှိတယ်ဆိုတဲ့ စကားအပေါ် အတည်ပြုရခက်ပေမဲ့ အရင့်အရင် မှတ်တမ်းတွေအရ စန္ဒာမင်းရဲ့စကားဟာ မှန်လောက်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ပြောရရင် အရင့်အရင်တုန်းက စစ်အုပ်စုပြောကြားခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ လိုင်းပါပဲ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ခရီးစဉ်ကနေ ပြန်လာပြီးနောက် အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ လိုင်းကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလိုင်းကို စစ်အုပ်စုက ဟွန်ဆန်ကနေတဆင့် နိုင်ငံတကာသိအောင် ဟွန်ဆန် ပါးစပ်ပေါက်ထဲ ထိုးထည့်ပေးခဲ့တာလို့ ထင်ရပါတယ်။
နေပြည်တော်ကနေ ဖနွမ်းပင် ပြန်ရောက်ရောက်ချင်းမှာပဲ ဟွန်ဆန်က အဲဒီလိုင်းကို မရဲတရဲ စပြောလိုက်တဲ့အခါ တရုတ်ကပါ ဟုတ်နိုးနိုး အလုပ်ဖြစ်နိုးနိုး သံယောင်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ အဓိကနိုင်ငံကြီးတွေက ခပ်ပြတ်ပြတ်ပဲ ပယ်ချလိုက်တာကြောင့် ဟွန်ဆန်ရော တရုတ်ကပါ အသံတိတ်သွားခဲ့ပါတယ်။
ဘာကြောင့် မူ ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးကို ပယ်ချလိုက်ရပါသလဲ။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာ ဘယ်လိုမှ ဆက်စပ်ဖော်ဆောင်လို့ မရအောင်ကို ပြဒါးတလမ်း သံတလမ်း ဖြစ်နေလို့ပါပဲ။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အခြေခံဟာ အကြမ်းဖက်စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လက်မခံဘူး ဆိုတာကနေ မြစ်ဖျားခံခဲ့ခြင်း ဖြစ်ပါတယ်။ အာဆီယံမူ ၅ ရပ်ရဲ့ ရည်မှန်းချက်က အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပြီး မြန်မာ့အရေး သက်ဆိုင်သူအားလုံး စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးကြကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆီ ပြန်သွားဖို့ပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာက ရွေးကောက်ပွဲ ကျင်းပ၊ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီ အပါအဝင် သူတို့ရဲ့အာဏာသိမ်းမှုကို လက်မခံတဲ့ပါတီ မှန်သမျှ မပါစေရ၊ ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့် တရားဝင်အာဏာသိမ်းပွဲကြီး အဖြစ် ဒီမိုကရေစီ ရွှေမှုန်ကြဲထားတဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးဆီ ဦးတည်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
စစ်တပိုင်းဒီမိုကရေစီကို ဖော်စပ်ခဲ့တဲ့ သန်းရွှေတုန်းကလည်း စစ်တပိုင်းဒီမိုကရေစီ လမ်းကြောင်းပေါ် NLD တက်လာခဲ့ရင် သူတို့စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာ အချိန်မရွေး ပြာကျသွားနိုင်မယ်မှန်းသိလို့ NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်း သိန်းစိန် ကြုံတွေ့ခဲ့တဲ့ နိုင်ငံရေးအကျပ်ဆိုက်မှုနဲ့ ကြံ့ဖွတ်ကို ဟုတ်လှပြီထင်တဲ့ ဘဝင်အရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ NLD ပါတီ လွှတ်တော်ထဲ ရောက်လာကာ အဲဒီကနေတဆင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူထိုးလိုက်လို့ စစ်အုပ်စုမေးရိုး ဆတ်ခနဲ ကျိုးခဲ့ရပါတယ်။
မင်းအောင်လှိုင်က ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အကြီးအကျယ် သင်ခန်းစာယူခဲ့တယ်။ အဲဒီသင်ခန်းစာတွေရဲ့ ပို့ချချက်ကြောင့်ပဲ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ သူတို့စစ်ဗိုလ်ချုပ်တွေ နောင်ဘဝ ၁၀ ခါတောင် ယှဉ်နိုင်စရာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ လုံးဝမပါစေရေးမူကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ခဲ့ရုံတင်မက မြန်မာ့နိုင်ငံရေး မျက်နှာစာကနေပါ အပြီးတိုင် ဖယ်ရှားဖို့ အားထုတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်ပထမပတ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပုဂံကို လာစဉ်တုန်းက မင်းအောင်လှိုင်က သူ ကျစ်ကျစ်ပါဆုပ်ထားတဲ့မူကို လုံးဝမလျှော့စတမ်း ရပ်ခံခဲ့တာကြောင့် တရုတ်ရဲ့ အဖက်မလုပ်ခြင်းဒဏ်ကို အရှက်တကွဲ ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အပက်စက်ဆုံး အကြမ်းဖက်ခြင်းနည်းနဲ့ ပြည်သူကို ချေမှုန်းနိုင်မယ်လို့ မင်းအောင်လှိုင် တွက်ထားခဲ့ပုံကြောင့်လည်း မာကျောခဲ့ပုံရပါတယ်။
အခုအခါမှာတော့ တနေ့တခြား တိုက်လို့မနိုင်ဖြစ်လာတဲ့ PDF အင်အား၊ တဖြည်းဖြည်း လက်နက်တပ်ဆင်လာနိုင်တဲ့ အခြေအနေနဲ့ လေကြောင်းမကူရင် မြေပြင်မှာ ရူးခါနေတဲ့ မင်းအောင်လှိုင်တပ်ရဲ့ ဖြစ်စဉ်တွေတင်မက နိုင်ငံတကာဖိအားတွေအရပါ ဆုပ်ထားတဲ့လက်ကို တရုတ်အလိုအရ နည်းနည်းဖြည်လိုက်ပုံပါပဲ။
အဲဒါကြောင့်လည်း မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း နေပြည်တော်ကို ရောက်ရှိလာတယ်လို့ သုံးသပ်ရပါတယ်။ မစ္စတာချင်ကန်းရဲ့ နေပြည်တော် ခရီးစဉ်ဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်နေမှုကို ပြသခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအရေးဟာ တရုတ်က စစ်အုပ်စုဘက်က ရပ်ခံပေးလိုက်ရုံနဲ့ ပြေလည်သွားမှာ မဟုတ်သလို တရုတ်ထောက်ခံမှုကြောင့် စစ်အုပ်စုရွေးကောက်ပွဲ အထမြောက်သွားစရာ အကြောင်းမရှိပါဘူး။ မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ မစ္စတာချင်ကန်းတို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တွေ့ဆုံပြီးနောက် တရုတ်အစိုးရသတင်းမှာ ဖော်ပြခဲ့တာ ရှိပါတယ်။ အဲဒါကတော့ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဦးဆောင်ဖြေရှင်းသင့်ပြီး ပြည်သူတွေရဲ့ဆန္ဒကို လေးစားသင့်တယ်ဆိုတဲ့ အချက်အပေါ် မစ္စနိုလင်းဟေဇာကလည်း သဘောတူတယ်လို့ ဖော်ပြခဲ့ခြင်းပါပဲ။ အဲဒီဖော်ပြချက်အပေါ် တရုတ်အစိုးရအနေနဲ့ လက်တွေ့ အလေးထားဖို့လိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို အသက်တွေ ဘဝတွေ ရင်းပြီး တွန်းလှန်နေခြင်းဖြစ်ပြီး စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာ ပြည်သူတို့ရဲ့ အိပ်မက်ထဲမှာတောင် မရှိပါဘူး။ ပြည်သူတွေရဲ့ အဲဒီဆန္ဒအမှန်ကို မမြင်ချင်ယောင်ဆောင်ပြီး စစ်အုပ်စုအကြိုက်အပေါ် အခြေခံကာ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင်တော့ တချိန် သန်းရွှေလက်ထက်တုန်းက မြန်မာပြည်သူတို့ကြား အားကောင်းခဲ့တဲ့ တရုတ်မုန်းတီးရေးအခံဟာ ပြင်းပြင်းထန်ထန် ရုန်းကန်ထကြွလာမှာ သေချာပါတယ်။
တရုတ်အစိုးရအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း မကြာခဏ ပြောခဲ့တဲ့ ကိုယ့်ကတိကိုယ် တန်ဖိုးထားဖို့ လိုပါတယ်။ မိမိရဲ့အင်အားကြီးမှုအပေါ် အခြေခံကာ မြန်မာ့အရေး ငါတကောဒီပလိုမေစီကို ရပ်ကာ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ဝိုင်းဝန်းအဖြေရှာဖို့ လိုပါမယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ တရုတ်အစိုးရတို့ကြား လမ်းကြောင်းတခုပေါ် အတူရပ်တည်လိုက်ခြင်းဟာ မြန်မာ့အရေး ဖြေရှင်းနိုင်စွမ်းတဲ့ လမ်းစမဟုတ်ပါဘူး။ မြန်မာပြည်သူတို့ရဲ့ ဆန္ဒကို ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါလိမ့်မယ်။
ထွန်းလင်း
သေလို့မဖြစ်သေးဘူး ငါ့တူကြီးရေလို့ ဘကြီးက ဘကြီးထုံးစံအတိုင်း အရင်းမရှိ အဖျားမရှိ ဖုန်းစဝင်လာတာနဲ့ ပြောချလိုက်တယ်။ တူဝရီးအရင်းတွေမို့ ဒီလောက်ဆို ဘကြီးပြောချင်နေတာ လတ်တလော ကျော်ကြားနေတဲ့ ကြောက်မက်ဖွယ် နွေအပူအကြောင်း ဆိုတာ ကောင်းကောင်းသိလိုက်တယ်။
“ပူလိုက်တဲ့နွေကွာ၊ ခွေးလိုဟောင်နေတဲ့ မင်းအောင်လှိုင်က တိုင်းပြည်စီးပွားတိုးတက်ပါတယ်လုပ်မှ ရာသီဥတုတောင် မခံမရပ်နိုင်ဖြစ်ပြီး ပူပစ်လိုက်တာလား မသိဘူး။ ပူကလည်းပူ၊ တိုင်းပြည်စီးပွား တိုးတက်လာလို့ မီးကလည်း မလာသလောက်နီးနီးပဲ။ မီးမလာလို့ မီးစက်နဲ့ ဆီဖြည့်သုံးရအောင်ကလည်း ဆီဈေးက အပေါ်လေမိနေတာ ပြန်မဆင်းတော့ဘူး”တဲ့။ ဘကြီးက အဲဒီလို သူ ပြောချင်တာကို တောက်လျှောက်လွှတ်တော့တယ်။
ဘကြီးခမျာ အပူကြီးလွန်းလို့ အခု မြို့ပေါ်က သူ့တိုက်အိမ်မှာ မနေနိုင်။ သင်္ကြန်မတိုင်ခင်ကတည်းက မြို့နဲ့ခပ်လှမ်းလှမ်းက သူ့သစ်သီးခြံကြီးထဲ ပြောင်းနေနေတာတဲ့။ ဘကြီးရဲ့ သစ်သီးခြံက ခြံတဝင်းလုံး အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ ဘာပဲပြောပြော လေမတိုက်ရင်တောင် နေပြောက်မထိုးတဲ့ အရိပ်အောက် အပူမကြီးဘဲ နေသာတယ်ဆိုတော့ မဆိုးလှ။
“ဘကြီးသူများတွေလို ဆိုလာလေး ဘာလေး မဝယ်ဘူးလား။ အဲကွန်းမဟုတ်တောင် အဲကူလာလောက်နိုင်တဲ့ ဆိုလာနည်းနည်းကြီးကြီး ဝယ်ပြီး ခပ်အေးအေးနေပေါ့” လို့ ကျနော်က အကြံပြုလိုက်တယ်။ မိတ်ဆွေတယောက်ပြောပြလို့ အခုတလော ရန်ကုန်မှာ ငွေတတ်နိုင်သူတွေက သိန်း ၁၀၀၊ ၂၀၀ ရင်းပြီး ဆိုလာခပ်ကြီးကြီးတွေ ဝယ်တပ်နေတယ်လို့ ကြားထားတယ် မဟုတ်လား။ ကိုယ့်ဘကြီးကလည်း တောသူဌေး၊ အသက်ကလည်း ၈၁ နှစ်ထဲမှာဆိုတော့ ကိုယ့်ဘကြီးကို အေးအေးချမ်းချမ်း နေစေချင်တာကိုး။
“မဝယ်ချင်ပါဘူး ငါ့တူကြီးရယ်။ တိုက်ပွဲဝင်နေတဲ့ PDF တွေနဲ့ အညာက စစ်ခွေးတွေလိုက်သမျှ ပြေးနေရသူတွေကို အားနာလွန်းလို့။ ပိုက်ဆံအကုန်ခံပြီး ဇိမ်ခံရမှာတွေ ဘာမှမလုပ်ဘူး။ ပြီးတော့ အသက်ကြီးလာတဲ့အချိန်မှာ ပိုခြိုးခြံတတ်ဖို့ လိုတယ်မဟုတ်လား” တဲ့။ ဘကြီးက အဲဒီလို ခပ်ပြတ်ပြတ်။ ဘကြီးခေါင်းထဲရှိနေတာဆိုလို့ လစဉ် တော်လှန်ရေးနဲ့ စစ်ဘေးသင့်တွေကို ကူဖို့ပဲ။
အဲဒီလို လှူနိုင်ကူနိုင်ဖို့ ကျန်းမာရေးကောင်းဖို့လိုတယ်၊ စိတ်ဓာတ်မကျဖို့လိုတယ်။ နှစ်များစွာကြာ ပြုမြဲအတိုင်း မနက်စောစောထ ချွေးပြိုက်ပြိုက်ကျတဲ့အထိ တနာရီကြာ လမ်းလျှောက် လေ့ကျင့်ခန်းယူ။ ပြီးရင် အစဉ်အလာမပျက် ဆိုင်ကယ်ပေါ်တက်ကာ လက်ဖက်ရည်ဆိုင်သို့ ချီတက်။ ဘကြီးက အရင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲမတိုင်ခင် 7Day သတင်းစာနဲ့ ဒီလှိုင်းဂျာနယ် လပေးယူနေကျ။ မနက်ခင်း လက်ဖက်ရည်ပြင်းပြင်း တခွက်နဲ့ လတ်လတ်ဆတ်ဆတ် သတင်းတွေ ဖတ်ရတဲ့အရသာဟာ ဒီနေ့မနက်မှာ တခုခု ပြီးမြောက်သွားသလိုမျိုး ခံစားမှု။ အခုတော့ ဖတ်ရမယ့်သတင်းစာ၊ ဂျာနယ်လည်း မရှိတော့တာကြာ။ ခွေးကိုက်ခံရမှာစိုးလို့ ကိုယ်ဖတ်ချင်တဲ့စာအုပ်တောင် လက်ဖက်ရည်ဆိုင်မှာ မဖတ်ရဲတဲ့ဘဝ။
“အခုတော့ ဘကြီးလည်း ဆရာကြီးရွှေဥဒေါင်းစာအုပ်တွေလောက်ပဲ လက်ဖက်ရည်ဆိုင်သွားရင် ဖတ်နေရတယ်” တဲ့။
ဖတ်စရာ သတင်းစာတွေမရှိတော့ ဘကြီးလည်း ဖေ့စ်ဘွတ်ခ်ကိုသာ ပွတ်ရတော့တယ်။ ဘကြီးက သူဌေးလည်း သူဌေး၊ အရင်က NLD ကို အတိအလင်း ထောက်ခံအားပေးခဲ့သူ။ ပြီးတော့ ၂၀၂၂ ခုနှစ်တုန်းက ဘကြီးတို့မြို့မှာ ဖေ့စ်ဘွတ်ခ်ပေါ် နိုင်ငံရေးပို့စ် တင်တဲ့သူတွေကို ရှာဖမ်းပြီး သိန်းသုံးလေးဆယ် ငွေညှစ်တာ ခေတ်ထလိုက်သေးတာဆိုတော့ ဘကြီးခမျာ ဖေ့စ်ဘွတ်ခ်ကိုလည်း ဗြောင်မသုံးရဲ။ ဖေ့စ်ဘွတ်ခ်တွေ ဘာတွေသုံးလို့မရတဲ့ ကီးပက်ဖုန်း အလုံးထွားထွားကြီးကို အများမြင်သာအောင် ခါးမှာချိတ်ထား။ နေ့ခင်းဘက် သစ်သီးခြံထဲသွားပြီး ဝှက်ထားတဲ့ ဖုန်းကိုထုတ်ကာ ဖေ့စ်ဘွတ်ခ်ခိုးပွတ်၊ နိုင်ငံရေးစကား ပြောချင်ရင် ဆစ်ဂနယ်ဖွင့်ပြီး ကျနော်ဆီ တော်ကီလွှတ်တော့တာပေါ့။
အခု သစ်သီးခြံထဲမှာသာနေနေတော့ ဖေ့စ်ဘွတ်ခ်လည်း ပိုပွတ်ဖြစ်ပြီး မြို့ကလေးရဲ့ မမြင်ချင် မကြားချင်တာတွေကိုလည်း ကန့်လန့်ကာချထားသလိုမို့ အပူသက်သာရုံတင်မက စိတ်လည်း တော်တော်ချမ်းသာတယ်လို့ ဘကြီးကဆိုရဲ့။
ဘကြီးတို့မြို့ကလေးမှာ PDF တွေ မရှိသလောက်နီးနီးဆိုတော့ စစ်အုပ်စုအနွယ်တွေက သူတို့ငွေရရေးသာ အဓိက၊ ပြည်သူကို လည်မျိုညှစ် ထင်ရာစိုင်း။ ပထမ နိုင်ငံရေးနဲ့ ဆက်နွှယ်သူတွေကို ဖမ်းပြီး ငွေညှစ်ကာ စီးပွားရှာ။ အဲလို အမှုရှာလို့ရတဲ့သူတွေ ခန်းသွားပြီဆိုတော့ နိုင်ငံရေးပို့စ်တင်သူတွေကိုဖမ်း။ သူဌေးကြီးတွေကိုလည်း PDF ကို ထောက်ပံ့နေသလို အကြောင်းပြချက်နဲ့ ဖမ်းပြီး ငွေညှစ်။ ဘကြီးက သူဌေးကြီးစာရင်းထိ မဝင်၊ ဟိုမရောက် ဒီမရောက်နဲ့ အသိုင်းအဝိုင်းလည်း ကောင်းနေသလို နိုင်ငံရေးတွေ ဘာတွေနဲ့ မပတ်သက်သလို သရုပ်ဆောင်ချက်ကလည်း ပီပြင်တာမို့ အန္တရာယ်ကင်းနေသေးတာပ။
“ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မင်းအောင်လှိုင်နဲ့ကျမှပဲ သေချာနားလည်မိတော့တယ်” လို့ ဘကြီးက ပြောသေးတယ်။
သူဌေးတွေကို ဖမ်းဆီးငွေညှစ်ပြီးနောက် ဘကြီးတို့မြို့ စစ်အုပ်စုဝင်တွေရဲ့ နောက်ထပ် စီးပွားရှာချက်က လောင်းကစားဝိုင်း။ မြို့နဲ့ တော်တော်လှမ်းတဲ့ ရွာ ၂ ရွာကြား နေပြောက်မထိုးတဲ့ ရော်ဘာတောအုပ်ကြား ကျယ်ကျယ်ပြန့်ပြန့် တနေရာမှာ လောင်းကစားမျိုးစုံဖွင့်လှစ်။ ရဲအစောင့်အရှောက်တွေ ပျူစောထီး အစောင့်အရှောက်တွေနဲ့ အဲဒီလောင်းစကားဝိုင်းကို လူလည် BGF (နယ်ခြားစောင့်တပ်) တကောင်က လာဖွင့်တာတဲ့။
“လိုင်းကြေးကို နင့်နေအောင်ပေးထားပြီး ဖွင့်တာ။ အဲဒီလောင်းကစားဝိုင်းနေရာမှာ ဆိုင်ကယ်နဲ့ ကား အပေါင်ဆိုင် အဆင်သင့်ဖွင့်ထားတယ်။ အရက်၊ ဘီယာရတဲ့ စားသောက်ဆိုင်ရော စိတ်ကြွဆေးရောင်းတဲ့ကောင်ရော အကုန်အဆင်သင့်ရတယ်။ လာလိုက်ကြတဲ့လူတွေကွာ။ ဘကြီးတို့မြို့ပေါ်ရော ရွာတွေရော၊ တခြားမြို့က လောင်းကစားသမားတွေရော စည်လိုက်တာမှ ဘုရားပွဲကျနေတာပဲ” လို့ ဘကြီးက ပြောပြတယ်။
အဲဒီလောင်းကစားဝိုင်း ၆ လလောက်ကြာတော့ လူတွေလည်း ပြုတ်ပြုတ်ပြုန်း။ လင်မယားရန်ဖြစ်သံတွေ ကျယ်ကျယ်လောင်လောင်။ အိမ်တွေပေါင်ကြ၊ ခြံတွေရောင်းကြ။ တချို့ ထိုင်းမှာ နှစ်လရှည်ကြာ ဒုက္ခခံ အလုပ်လုပ်ပြီး ရှာထားခဲ့သမျှ ဖြူကာပြာကာကျလို့ ထိုင်းကိုပြန် အလုပ်လုပ်ရသတဲ့။
လောင်းကစားဝိုင်း ၆ လလောက်အကြာ လာကစားသူပါးလာပြီး ထိုးကြေးလည်း နည်းလာတဲ့ အခါကျတော့ BGF ဆိုတဲ့ကောင်က အထုပ်ပိုက်လို့ ပြန်သွားလေရဲ့။ ဘကြီးတို့မြို့ရဲ့ စစ်အုပ်စုဝင်တွေက လိုင်းကြေးတွေ နင့်နေအောင်ရကာ ပါးနပ်တဲ့ရဲတချို့က အောက်ဈေးနဲ့ရောင်းတဲ့ အိမ်တွေခြံတွေကိုတောင် လိုက်ဝယ်ထားလိုက်သေး။
“ဒီကောင်တွေ(စစ်အုပ်စုဝင်)ကို ဘကြီး သေချာလေ့လာကြည့်တာ မင်းအောင်လှိုင်တွေဘာတွေ ထောက်ခံတာမျိုးလည်း မဟုတ်ဘူး။ ခေတ်ပျက်ကြီးထဲ ကိုယ်စီးပွားဖြစ်အောင် လုပ်မယ်ဆိုတဲ့ကောင်တွေ။ မင်းအောင်လှိုင်ဘက်ကနေ အသေခံတိုက်မယ်ဆိုတဲ့ကောင် တကောင်မှ မပါဘူး။ ဒါပေမဲ့ ဒီလိုကာလမျိုးမှာ မိုးခါးရေကောင်းကောင်းသောက်နိုင်တော့ ဒီမိုကရေစီ လုံးဝမလိုချင်ဘူးဆိုတဲ့အထိ ထိပ်ဆုံးကပါတဲ့ကောင်တွေပဲ” လို့ ဘကြီးက သုံးသပ်တယ်။
အခုလည်း ဧပြီတလလုံး ဘကြီးတို့မြို့မှာ အစဉ်အလာ ဘုရားပွဲတွေက နေ့တိုင်းရှိနေတော့ ဘုရားပွဲ အကြောင်းပြပြီး ပျော်သူကပျော်ကြ။ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေလုပ်ကြ။ စစ်အုပ်စုဝင်တွေ ကိုယ်တိုင်က လောင်းကစားဝိုင်း လုပ်ချင်သူတွေ လာရောက်ဆက်သွယ်နိုင်ကြောင်း သူတို့အသုံးတော်ခံ ပျူစောထီးတွေကနေတဆင့် လမ်းကြောင်းဖွင့်ပေးနေကြ။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာတော့ ပြည်သူတွေ အပိုင်းပိုင်းပြတ် သေနေလိုက်ကြတာ၊ ပြည်သူတွေ အသတ်ခံနေရတာ သူတို့နဲ့ ဘာမှမဆိုင်သလိုမျိုး။
တိုင်းပြည်ပျက်နေတာကို ဒီအတိုင်း ငုပ်တုပ်ထိုင်ကြည့်နေရတာ စိတ်ဆင်းရဲစရာကောင်းပေမဲ့ စိတ်ဓာတ်မကျဖို့တော့လိုတယ်လို့ ဘကြီးက ဆက်ပြောတယ်။
အမေစု ပြန်လာတာကို ကြိုရဦးမယ်။ မြန်မာ့နွေဦး၊ မြန်မာ့ဒီမိုကရေစီ အောင်မြေကို ကျိန်းသေပေါက် ရောက်မှာသေချာ၊ ဟောဒီ မိုးသက်လေပြင်းကြားကနေ ရအောင် ဖောက်ထွက်ကြရမယ်လို့ ဘကြီးက ဆိုတယ်။
အသက် ၈၀ ကျော်အရွယ် အဘိုးကြီးတဦးက အာဏာရှင်တွေရဲ့ ဈာပနမှာ ပြည်သူတွေအားလုံး ပြန်ဆုံ၊ သံပြိုင်လက်ခုပ်တီးကြရအောင်လို့ လက်သီးကို တင်းတင်းဆုပ်ကာ ဆက်ပြောနေတော့ ကျနော် အသက်ရှူဖို့ရာ ခဏမေ့သွားတယ်။
ဟုတ်တယ်၊ ကျနော်တို့ စိတ်ဓာတ်မကျကြဖို့ လိုပါတယ်။
ထွန်းလင်း