မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်ထဲက တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း ၁၇ ယောက်နဲ့ အထွေထွေအုပ်ချုပ်ရေးရုံးစာရေး ၁ ယောက် စုစုပေါင်း ၁၈ ယောက် ဇန်နဝါရီ ၂၄ ရက်က CDM ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြနဲ့ အလယ်တန်းပြ သင်ကြားရေး ဆရာတွေလည်းပါဝင်ပြီး စစ်ကောင်စီရဲ့ ရက်စက်မှုကိုသိပြီး ကိုယ်တိုင် အလင်းဝင်ရောက်ခဲ့တာလို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ပြောပါတယ်။
"ဟုတ်ပါတယ်၊ မူလတန်းနဲ့ အလယ်တန်းပြတွေပါပါတယ်။ ပညာရေးဘုတ် တာဝန်ခံ၊ ပအဖ၊ ပကဖ တို့ရှေ့မှောက်မှာ အလင်းဝင်ရောက်ကြောင်း လက်မှတ်ထိုးကြတာပါ။"
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ကြဖို့နဲ့ အသက်အန္တရာယ်မဆုံးရှုံးဖို့ အမြန်ဆုံး CDM လုပ်ဖို့ကိုလည်း မြို့နယ်ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံက တိုက်တွန်းပြောဆိုထားပါတယ်။
"စစ်မိစ္ဆာတွေ အလိုကျ အမှုထမ်းတာတွေကို ကိုယ့်အတ္တ တခုတည်းနဲ့ မထမ်းဆောင်ကြပါနဲ့တော့၊ တနိုင်ငံလုံး အတိဒုက္ခရောက်နေကြတာတွေကို ကိုယ်ချင်းစာပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြပါ။ တော်လှန်ရေးဟာလည်း မကြာခင် အောင်နိုင်တော့မှာပါ။ ဒါကြောင့် အသက်အန္တရာယ်ကို အဆုံးရှုံးမခံကြဘဲ အမြန်ဆုံး အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။
Non CDM တွေကို အပြစ်ပေးအရေးယူတာတွေ ပါဝင်တဲ့ မူဝါဒ ၄ ရပ်ကို ဖော်ပြထားတဲ့ နိုင်ငံ့ဝန်ထမ်းမူဝါဒ(CDM policy) ကို NUG အစိုးရရဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း တယောက် သေနတ်နဲ့ ပစ်သတ်ခံရအပြီးမှာ အသက် ၇၀ ကျော် အငြိမ်းစားဝန်ထမ်း တယောက်အပါအဝင် ဒေသခံ ၁၅ ယောက်ထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖျာပုံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း မနှင်းဝေခိုင်နဲ့ မိတ်ဆွေဖြစ်သူ မနိုးနိုးဝေတို့ သြဂုတ် ၂၃ ရက် က သေနတ်နဲ့ ပစ်သတ်ခံရအပြီးမှာ စစ်တပ်က ဒေသခံ ၁၅ ယောက်ထက်မနည်း ကို ဖမ်းဆီး စစ်ဆေးနေတာပါ။
ရဲစခန်းနဲ့နီးစပ်သူ ဒေသခံအမျိုးသား တဦးက "ထွေအုပ်ဝန်ထမ်းအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရပြီး လိုက်ဖမ်းနေတာ ၁၅ ဦးလောက် ရှိနေပြီ။ အဲဒီမှာ အသက် ၇၀ကျော် စိုက်ပျိုးရေးဦးစီးဌာနက အငြိမ်းစား တဦးပါတယ်။ အခင်းဖြစ်တဲ့နေက ဆိုင်ကယ်ကယ်ရီဆွဲတဲ့ လူ လေးဦး စဖမ်းတာ။ အဖမ်းခံရတဲ့အထဲ အတော်များများက လူငယ်တွေများတယ်" လို့ ပြောပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ဖျာပုံမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ လည်း ဆက်လက်ပြောဆိုပါတယ်။
ဖျာပုံမြို့ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ထွေအုပ်စာရေး မနှင်းဝေခိုင်နဲ့ မိတ်ဆွေဖြစ်သူ မနိုးနိုးဝေတို့ကို Black Dragon Force Pyapon အဖွဲ့က စစ်ဆင်ရေးအမှတ်စဉ် ၂အဖြစ် ရှင်းလင်းခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
Photo CJ