အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီလ ၂၄ ရက် မှာ ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားမှာ အစားထိုးဝင်ရောက်ပြီး အုပ်ချုပ်ရေး၊ လုံခြုံ ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ဖို့နဲ့ ပြည်နယ်ကောင်စီတွေရဲ့ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးပေးနိုင်ဖို့ ပြောင်းလဲဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းတွေကို စုစည်းပြီး CDM ဝန်ထမ်းတွေရဲ့ အရေးကိစ္စတွေနဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ မြေပြင်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ၂၀၂၁ စက်တင်ဘာ ၁၄ ရက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို စတင်ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လတ်တလော စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ကြားကာလပညာရေး အခြေခံပညာ ကျောင်းသား ၂၀၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၂၀၀၀ ကျော်က စာသင်ပေးနေပြီး NUGရဲ့ ကနီမြို့နယ်မှာ NUG အစိုးရရဲ့ ပညာရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရား စတင်လည်ပတ်နိုင်ပြီလို့ ကနီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်း အပါအဝင် အနောက်မြောက်တိုင်း စစ်ဒေသမှာ တိုက်ပွဲတွေ၊ တော်လှန်ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကြောင့် စစ်ကောင်စီရဲ့ ယန္တရားတွေဟာ ရပ်ဆိုင်းလုနီးပါး အခြေအနေလည်း ဖြစ်လာနေပါတယ်။
ဒေသတွင်း PDF တွေ အားကောင်းလာတာနဲ့အမျှ အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကိုင်းတိုင်းထဲမှာ အစိုးရယန္တရားတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
ဒီကြေညာချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူသိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့တော်လှန်ရေးရဲ့ မောင်းနှင်အားတစ်ခုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း အစည်းအဝေးကျင်းပပြီး ဒီအုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်လည်စုစည်းပြီး ဘေးကင်း လုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ဖို့၊ CDMဝန်ထမ်းတွေနဲ့ မိသားစုတွေအကြား ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို ကူညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့၊ CDM မပြုလုပ်ရသေးတဲ့ ဝန်ထမ်းတွေကို CDM နဲ့ Pre CDM တွေ ပြုလုပ်လာစေပြီး မကြာမီကာလမှာ အကောင်အထည်ဖော်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်သစ်တရပ် ပေါ်ပေါက်လာစေရေး အထောက်အပံ့ကောင်းဖြစ်စေဖို့ စတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့အတွက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့ ပြည်သူ့ဘက်တော်သား စစ်သားတွေ၊ ရဲတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ အသီးသီးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်ခံကြိုဆိုနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။