close

ဒဂုံဆိပ်ကမ်း

close

February 23, 2023

ဒဂုံဆိပ်ကမ်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို စစ်တပ်က ဖျက်ဆီး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာက စျေးဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါင်းပြီး ဖျက်ပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာရှိ စျေးဆိုင်ခန်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖျက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ပါ လာရောက်ထိုးကော်ပြီး ဖြိုပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြောရရင် ရပ်ကွက်ရုံး အပစ်ခံရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ သူတို့ကို သတင်းမပေးလို့ ဖျက်ပစ်တာ။ မရှိလို့ လမ်းဘေးစျေးရောင်းစားပါတယ်ဆို ဖျက်ပစ်တော့ ဘာသွားလုပ်စားရမှာလဲ။”

မနေ့က မနက် ၁၁ နာရီကစတင်ကာ ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာ စျေးဆိုင်ခန်းတွေဖျက်ဖို့ စစ်ကောင်စီတပ်နဲ့ လူမိုက်တွေ ရောက်လာပြီး ည ၁၂ နာရီ မတိုင်ခင် ဖျက်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ စျေးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကတည်းက ဖျက်ခိုင်းတာ၊ မဖျက်ရင် ပစ်သတ်မယ်လို့ပြောတယ် စစ်တပ်က။ တချို့ကလည်း ဖျက်တယ်၊ တချို့ကလည်း မဖျက်ဘူး၊ စောင့်ကြည့်မယ်ပေါ့။ ဒီမနက် ဘူဒိုဇာတွေပါ ခေါ်လာပြီး စစ်တပ်က ရောက်လာတာ။”

ကံ့ကော်စျေးလမ်းမကြီးရှိ လမ်းဘေးဝဲယာဆိုင်ခန်းတွေ မဖျက်ခင် စစ်ကောင်စီတပ်က ဖော်ဖော်ဝါရီ ၂၀ ရက်မှာ ကျူးကျော်တဲက လူငယ်သုံးဦးကို ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

ဒီနေ့ စစ်ကောင်စီတပ်က ဖြိုဖျက်ပစ်တဲ့ စျေးဆိုင်တွေဟာ ရန်ကုန်မှာ အိမ်ငှားခစျေးနှုန်း ကြီးမြင့်လာတာကြောင့် လမ်းဘေးဝဲယာမှာ တဲထိုးပြီး စျေးရောင်းကာ စာဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရသူတွေ ဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရာအိမ်မှူးနှစ်ဦး သေဆုံးပြီး ရာအိမ်မှူးသုံးဦးနဲ့ ကယ်ရီသမားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

11 mins Ago

February 17, 2023

အင်းစိန်နှင့် ဒဂုံဆိပ်ကမ်းတို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၆ ရက်က ယာဉ်တိုက်မှု ၂ ခု ဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦး ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ မြို့သစ် ဂ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ရပ်ထားတဲ့ ကားတစီးကို ကုန်တင်ကားက ဝင်တိုက်မိလို့ ကားရှေ့ခေါင်းခန်းမှာ အသက် ၃၀ အရွယ် ယာဉ်မောင်း ညပ်နေခဲ့တာကြောင့် အင်းစိန်မီးသတ်တပ်ဖွဲ့က ဖယ်ထုတ်ကယ်ဆယ်နိုင်ခဲ့ပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ဘုရင့်နောင်လမ်းမပေါ်မှာ စလစ်ဖြစ်ပြီး ရပ်ထားတဲ့ကားကို တိုက်မိတာလို့ ပြောတယ်။ ဒရိုင်ဘာက ခြေထောက်ညပ်နေတာ၊ ခေါင်းခန်းက ရှေ့တခြမ်းကြေသွားတယ်။ မီးသတ်တပ်ဖွဲ့က ၁၀ မိနစ်လောက်ကြာတော့ ဆွဲထုတ်ပေးနိုင်ခဲ့ပါတယ်” လို့ အင်းစိန်အခြေစိုက် လူမှုကူညီရေးအသင်းက ပြောပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၅၉ ရပ်ကွက်၊ ပဲခူးမြစ်လမ်းမနဲ့ ရတနာလမ်းမထောင့်မှာ ဒိုင်နာယာဉ်နဲ့ ဆီဘောက်ဆာယာဉ်တို့ တိုက်မိပြီး နှစ်စီးစလုံး လမ်းဘေးမြောင်းဘက်ကို အရှိန်လွန်ကြသွားခဲ့လို့ ဆီဘောက်ဆာယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

“ဆီကားက အနောက် tank မှာ ဆီပါလာတယ်။ မီးလောင်ပေါက်ကွဲမှာစိုးလို့ အရှေ့ပိုင်းခရိုင်က မီးသတ်ယာဉ် ၂ စီး၊ ဒဂုံဆိပ်ကမ်းက ၂ စီးနဲ့ လာကူညီပါတယ်။ လမ်းက ထောင့်ကွေ့လေးရှိတော့ တစီးနဲ့တစီး ချိတ်မိသွားတာပါ” လို့ လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမမှာ ဖေဖော်ဝါရီလ ၁၄ရက် ညပိုင်းက ယာဉ်တိုက်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ဓာတ်ပုံ ( ရွှေရောင်သမိုင်း ၊ ကရုဏာ ကမ်းလက် )

6 days Ago
Up