close

ဒဂုံဆိပ်မြို့သစ်ဆိပ်ကမ်း၊ ပဲခူး

close

March 5, 2022

ဒဂုံဆိပ်မြို့သစ်ဆိပ်ကမ်း၊ ပဲခူး၊ ကျိုက်ထို၊ ကန်ကြီးထောင့်၊ ဟင်္သာတမြို့နယ်တို့တွင် မီးလောင်

ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ မတ် ၅ ရက် ဒီနေ့ မွန်းလွဲ ၃ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး  အနီးပတ်ဝန်းကျင်က လူနေအိမ်တွေ ၄၀ လောက်  မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်မှာ မီးလောင်တာ။ ရပ်ကွက်က လူ နေအိမ်တွေ စိပ်တော့ မီးကခဏနဲ့ အကူးမြန်တယ်။ အိမ်ခြေ ၄၀ လောက်မီးလောင်ကုန်တယ်” လို့ ပြောပါတယ်။

မြင်တွေ့သူတစ်ဦးကလည်ညး “မီးကပျက်နေတော့ လောင်စာနဲ့ ချက်ပြုတ်စားသောက်နေရတယ်။ ခုလည်း ထမင်းချက်တာက စလောင်တယ်ကြားတယ်။ သေချာတော့ မသိသေးဘူး။ အိမ်တွေ တော်တော်လောင်ကုန်တယ်”လို့ ပြောပါတယ်။

ဒီနေ့နေ့လယ် ၃ နာရီက မီးစတင်လောင်ကျွမ်းကြောင်း သတင်းအရ Level 1 အဆင့် မီးသတ် ယာဉ်အုပ်စုတွေ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာမှာ ၃ နာရီ မိနစ် ၂၀ မှာ မီးထိန်းနိုင်ပြီး ၃ နာရီ ၂၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဒီနေ့တစ်ရက်ထဲမှာပင် ပဲခူးတိုင်းသာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရေတာရှည်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့သလို ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်မီးလောင်မှုမှာတော့ အိမ်ခြေ ၁၅ လုံးလောက် ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဌာနက သိရပါတယ်။

ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၆)၊ စက်လမ်းနဲ့ ပွင့်သစ်စလမ်းထောင့်မှာ ဒီနေ့မွန်းလွဲ ၃ နာရီ ၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့လို့ မီးသတ်တပ်ဖွဲ့က  သွားရောက် မီးငြှိမ်းသတ်ခဲ့ရာမှာ ၃ နာရီ ၅၅ မိနစ်မှာ  မီးငြိမ်းသွားတယ်လို့ဆိုပါတယ်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ဝါးနက်ကွင်းရွာမှာလည်း တောမီး လောင်ကျွမ်းခဲ့ပါတယ်၊

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ကြိမ်ချောင်းနားမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားခဲ့သလို  ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက် တဲကြီးကုန်းမီးလောင်မှုမှာ လူနေအိမ်တစ်လုံးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

(ဓာတ်ပုံ- ပဲခူးတိုင်း ကျွန်းသာယာရပ်ကွက် မီးလောင်မှု)

12 hours Ago
Up