သရက်၊ အင်းစိန်နဲ့ သာယာဝတီထောင်တွေမှာ မတရားပုဒ်မတပ် ဖမ်းဆီးခံထားရတဲ့ ဒဂုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ၇ ယောက်ဟာ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မေ ၃ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လွတ်မြောက်လာ ကြသူတွေထဲမှာ သရက်ထောင်က ၃ ယောက်၊ အင်းစိန်ထောင်က ၃ ယောက်နဲ့ သာ ယာဝတီထောင်က ၁ ယောက်စီ အသီးသီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အ ကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပြီးတော့ အဆိုပါအကျဉ်းသားတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ် အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ် ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ကြတဲ့ မဝတ်ရည်အောင်၊ မသဥ္ဇာဇော်၊ ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦးနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုမင်းသုခတို့ အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသားတွေ ကျန်ရှိနေသေးတဲ့အပြင် မဝတ်ရည်အောင်တော့ ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မတည်ငြိမ်မှုတွေ မကြာခဏရှိနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဖိတ်ခေါ်လိုက်ပါတယ်။
အာဏာသိမ်းပြီး ရက်သတ္တပတ်ကာလအတွင်းမှာပဲ စစ်အာဏာသိမ်းတာကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲတွေကို ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ စတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့ကြတာပါ။
ဒါကြောင့် ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြည်သူတွေပါ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်လိုတယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီလိုလှုပ်ရှားမှုတွေကို ကျောင်သားတွေက ဦးဆောင်သွားမှာဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လမ်းမကြီးသီးသီးမှာ ပေါ်ပေါက်လာတော့မယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်ဟန်က ပြောပါတယ်။
စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။
ဒဂုံတက္ကသိုလ် ဆရာဆရာမတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းဝန်ထမ်းတွေက ပြည်သူ့ဆန္ဒကို အလေးထားပါ၊ တပ်မတော်အနေနဲ့ ပြည်သူက အာဏာအပ်နှင်းထားတဲ့ အစိုးရထံကနေ အာဏာသိမ်းယူခြင်းကို လုံးဝ (လုံးဝ) ဆန့်ကျင်ကန့်ကွက် ရှုတ်ချပါသည် ဆိုသည့် ဗီနိုင်းဆိုင်းပုဒ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒါ့အပြင် တက္ကသိုလ် ဆရာ၊ ဆရာမတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာတွေကနေ ဆန္ဒထုတ်ဖော်တာမျိုး မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ဖို့ကိုလည်း ဦးဆောင် ဆရာ၊ ဆရာမတွေက တိုက်တွန်းထားပါတယ်။
ပြည်သူလူထုကြားမှာလည်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်တဲ့ သံပုံးတီးတာတွေ၊ ကားဟွန်းတီးတာတွေနဲ့ ဖမ်းဆီးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေး စတဲ့ ကြွေးကြော် ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ဆောင်လာကြပါတယ်။
သူဇာလင်း