ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ ရှိတဲ့ ရာအိမ်မှူးတဦး ပိုင်ဆိုင်တဲ့ အဖျော်ယမကာ စတိုးဆိုင်တဆိုင်အနီး ပတ်ဝန်းကျင်ကို သတိပေးဖောက်ခွဲမှုတခု ပြုလုပ်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။
သတိပေးဖောက်ခွဲမှုကို အောက်တိုဘာ ၅ ရက် ည ၈ နာရီလောက် ပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုင်အရှေ့က မော်တော်ယာဉ်တစီး ပျက်စီးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
၉၂ ရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်စော ပိုင်ဆိုင်တဲ့ ရွှေမြင့်မိုရ် အဖျော်ယမကာစတိုးဆိုင်မှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေကို အဓိကထား ရောင်းချနေပြီး လောင်စာဆီမှောင်ခိုလုပ်ငန်းနဲ့လည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် တည်ရှိနေတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်များကိုလည်း စစ်ကောင်စီနဲ့ သူရဲ့လက်အောက်ခံ ပျူစောထီးတွေက လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာကြောင့် မြို့ပြပြောက်ကျားများကလည်း ရန်ငါပြတ် ဆက်လက်တိုက်ထုတ်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်၊ လက်အောက်ခံ ဒေါက်တိုင်တွေနဲ့ ပတ်သက်ဆက်နွှယ်မှု မလုပ်ကြဖို့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ SDGF နဲ့ ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က ထပ်မံအသိပေးတောင်းဆိုထားပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာအတွင်းက YBS ၄ ကားဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က ရပ်ထားတဲ့ YBS ယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “မနက် ၁၁ နာရီလောက်က ကားလောင်တာ၊ ပေါက်ကွဲသံလည်းမကြား၊ မသင်္ကာစရာလည်း မတွေ့ဘူး။ ကားဂိတ်ထဲက မီးခိုးလုံးတွေ ထွက်လာမှ ပတ်ဝန်းကျင်ကလည်း သတိထားမိတာ၊ သိသိချင်းတော့ ဝိုင်းငြှိမ်းကြတာပဲ၊ မီးသတ်ကလည်း လာငြှိမ်းတယ်။ ကားတစ်စီးလုံးတော့ မီးလောင်သွားတယ်” လို့ ပြောပါတယ်။
ဂိတ်ထဲမှာ ရပ်ထားတဲ့ကား မီးလောင်တာဖြစ်ပြီး မီးလောင်မှုကြောင့် တခြားဆုံးရှုံးမှု မသိရသေးသလို ဘယ်လို စလောင်တယ်ဆိုတာလည်း မသိရသေးဘူးလို့ ကားဂိတ်နားနေထိုင်သူ တစ်ဦးက ပြောပါတယ်။
ရန်ကုန် လှိုင်မြို့နယ်၊ ကန်လမ်းရှိ လှိုင်မြင့်မိုရ်အိမ်ရာမှာတော့ စစ်ကောင်စီတပ်က ကား ၅ စီးလောက်နဲ့ ရောက်ရှိလာကာ သေနတ်ပစ်ဖောက်ပြီး တိုက်နံပါတ် ၃၂ ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
အဆိုပါတိုက်ကနေ အနည်းဆုံး လူ သုံးယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်ကို ဖမ်ဆီးသွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။