close

ဒဏ်ခတ်

close

January 21, 2023

ရုရှားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ Wagner အုပ်စုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မည်

ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ကို ကူညီနေတဲ့ ရုရှားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ Wagner အုပ်စုကို အမေရိကန်အစိုးရက လာမယ့်သီတင်းပတ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်မှာဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။ 

အမေရိကန်ဘဏ္ဍာရေးဌာနဟာ Wagner အုပ်စုကို ထူးခြားတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု ကျူးလွန်တဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားကနေ လက်နက်တွေတင်ပို့တယ်လို့ စွပ်စွဲထားတဲ့ ဓာတ်ပုံတွေကိုလည်းပြသပါတယ်။ 

Wagner အုပ်စုဟာ ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေ အားကောင်းစေဖို့ မြောက်ကိုရီးယားဆီက လက်နက်တွေ တင်ပို့ရောင်းချမှုကို လက်ခံရယူခဲ့ပြီး ဒါဟာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်မှာ Wagner အုပ်စုရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ပြီးခဲ့တဲ့လကပဲ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ 

အိမ်ဖြူတော်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား သွားလာနေတဲ့ ရုရှား ကားရထားတွဲတွေကို ပြထားတဲ့ နိုဝင်ဘာ ၁၈ ရက် နေ့စွဲနဲ့ဓာတ်ပုံတွေကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်တစ်နေ့ နိုဝင်ဘာ ၁၉ ရက်မှာ မြောက်ကိုရီးယားဟာ အဲဒီရထားတွဲတွေကို သင်္ဘောကွန်တိန်နာတွေနဲ့ တင်ဆောင်ပြီး ရထားက ရုရှားကို ပြန်လာခဲ့ကြောင်းလည်း ဆိုပါတယ်။

မြောက်ကိုရီးယားဟာ Wagner အဖွဲ့ အသုံးပြုဖို့ ဒုံးအမြောက်တွေနဲ့ ဒုံးကျည်တွေကို ရုရှားနိုင်ငံထဲကို ပေးပို့ခဲ့ကြောင်း အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြား ပြီး ဓာတ်ပုံတွေမှာ ရုရှားကနေ မြောက်ကိုရီးယားကို ထွက်ခွာလာတဲ့ ရုရှားရထား ၅ စင်းကို ပြသထားပါတယ်။ 

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကို ရှုတ်ချလိုက်ကြောင်းနဲ့ Wagner ဆီကို ဒီပို့ဆောင်မှုတွေကို ချက်ချင်းရပ်ဆိုင်းလိုက်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားကြောင်းလည်း ကာဘီက ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီအစီရင်ခံစာဟာ အခြေအမြစ် မရှိကြောင်း ပြောကြားလိုက်ပြီး အမေရိကန်ကိုလည်း ယူကရိန်းကို လူသတ်လက်နက်တွေ ပေးပို့ခြင်းအတွက် ရှုတ်ချခဲ့ပါတယ်။ 

Wagner အဖွဲ့ပိုင်ရှင် ယဲ့ဗ်ဂျီးနီ ပရီဂေါ့ဇိုင်ဟာ အရင်လက မြောက်ကိုရီးယားဆီကနေ လက်နက် တွေ ပေးပို့တာကို ငြင်းဆိုခဲ့ပြီး အစီရင်ခံစာကိုလည်း “အတင်းအဖျင်းနဲ့ ထင်ကြေးပေးချက်တွေ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

ယူကရိန်းမှာ သူ့စစ်တပ်က ဆက်ပြီးရုန်းကန်နေရတာကြောင့် သမ္မတပူတင်ဟာ စစ်ရေး အထောက် အပံ့တွေအတွက် ယဲ့ဗ်ဂျီးနီ ပရီဂေါ့ဇိုင် ပိုင်ဆိုင်တဲ့ Wagner အုပ်စုဘက်ကို ပိုလှည့်လာကြောင်းနဲ့ မော်စကိုမှာ Wagner နဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကြား တင်းမာမှုတွေ တိုးလာနေတဲ့ အရိပ်အယောင်တွေ တွေ့နေရကြောင်းလည်း အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ပြောပါတယ်။ 

Wagner အုပ်စုက လက်ရှိမှာ ယူကရိန်းမှာ တပ်စွဲထားတဲ့ အဖွဲ့ဝင် ၅၀၀၀၀ လောက်ရှိပြီး အဲဒီ အထဲမှာ စာချုပ်နဲ့ခေါ်ယူခန့်အပ်ထားသူ ၁၀၀၀၀ နဲ့ ရုရှားအကျဉ်းထောင်တွေကနေ ခေါ်ယူထားတဲ့ အကျဉ်းသား ၄၀၀၀၀ ပါဝင်နေတယ်လို့ အမေရိကန်က အကဲဖြတ်ထားကြောင်းလည်း သူက ပြောပါတယ်။ 

ဂျွန်ကာဘီရဲ့မှတ်ချက်တွေအပေါ် တုံ့ပြန်မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို Wagner အုပ်စု ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ 

7 mins Ago

January 25, 2021

ရုရှားအရာရှိများကို အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ပြုလုပ်ဖွယ်ရှိ

ရုရှားသမ္မတအား ဝေဖန်သူ အလက်ဇီ နာဗယ်ညီအား လွှတ်ပေးဖို့ ဇန်နဝါရီ ၂၃ ရက်နေ့က ရုရှားနိုင်ငံတလွှား ဆန္ဒပြခဲ့ကြသူတွေထဲက အယောက် ၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ရုရှားအရာရှိတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ဥရောပသမဂ္ဂ (အီးယူ)က ပြောပါတယ်။

အီးယူ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ၂၇ ယောက် အစည်းအဝေးကို လာတက်တဲ့ လစ်သူအေးနီးယား နိုင်ငံခြားရေးဝန်ကြီးက “ရုရှားမှာ အပြောင်းအလဲတရပ်ရှိနေပြီ၊ ဒီအပြောင်းအလဲဟာ အီးယူက ထောက်ခံရမယ့် အပြောင်းအလဲပဲ” လို့ ပြောလိုက်ပါတယ်။

အီးယူဟာ ၂၀၁၄ တုန်းက ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်အပြီး ရုရှားရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ လက်နက်ကဏ္ဍတွေမှာ စီးပွားရေး ဒဏ်ခတ်ထားပြီးသားပါ။

ဒါ့အပြင် သြဂုတ်လက နာဗယ်ညီ အဆိပ်ခတ်ခံရအပြီးမှာ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ နီးစပ်တဲ့ အရာရှိတွေကို ဒဏ်ခတ်ပြီးပါပြီ။ 

လစ်သူအေးနီးယားလိုပဲ လတ်ဗီယာနဲ့ အက်စ်တိုးနီးယားတို့လို ဘောလ်တစ် ပင်လယ်ကမ်းခြေ နိုင်ငံတွေကလည်း ရုရှားအရာရှိတွေအပေါ် EU က ပိုတိုးဒဏ်ခတ်ဖို့ ထောက်ခံ ခဲ့ကြပါတယ်။

အီတလီ နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုင်ဆိုင်မှု ထိန်းသိမ်းတာတွေနဲ့ ခရီးသွား ပိတ်ပင်ချက်တွေ ပိုလုပ်ရေး ထောက်ခံဖို့ အသင့်ပဲလို့ ပြောပါတယ်။ ရိုမေးနီးယား အစိုးရကလည်း ဒဏ်ခတ်ဖို့ ထောက်ခံတယ်လို့ ပြောပါတယ်။

ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ခိုမားစ်က နာဗယ်ညီကို လွှတ်ပေးဖို့ အစွန်းရောက် အအေးဒဏ်ကို အန်တုပြီး တောင်းဆိုခဲ့တဲ့ ဆန္ဒပြသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ္။

2 years Ago
Up