close

ဒဏ်ငွေ

close

April 27, 2023

BAT ကုမ္ပဏီက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၃၅ သန်းပေးရန် သဘောတူ

ကမ္ဘာအနှံ့အပြားမှာ ဆေးလိပ်တွေထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ British American Tobacco Plc (BAT) ဟာ အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံအပြီး အမေရိကန်ဒေါ်လာ ၆၃၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

BAT ဟာ သူ့ရဲ့ကုမ္ပဏီခွဲတခုကနေ မြောက်ကိုရီးယားကို ဆေးရွက်ကြီးထွက်ကုန်တွေ ရောင်းချပြီး ဘဏ်လိမ်လည်မှုတွေနဲ့ ဒဏ်ခတ်မှုကို ချိုးဖောက်မှုအပါအဝင် စွဲချက်တွေအတွက် အမေရိကန်တရားရုံးမှာ စွဲချက်တင်ခံခဲ့ရတာပါ။

အထီးကျန် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားဆီ ဆေးလိပ်ရောင်းချမှုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာလို့ ကုမ္ပဏီနဲ့ တရားရေးဌာနနှစ်ခုလုံးက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့မှုကို ဟန့်တားဖို့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့  ရင်ဆိုင်နေရပါတယ်။

“ဒီအမှုနဲ့ တခြားသူတွေ ကုမ္ပဏီတွေကို သတိပေးဖို့ လုပ်ဆောင်တာပါ” လို့ တရားရေးဌာန၊ အမျိုးသားလုံခြုံရေးဌာနက လက်ထောက်ရှေ့နေချုပ် မက်သယူး အော်လ်ဆန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီအမှုဟာ အမေရိကန် တရားရေးဌာနသမိုင်းမှာ “မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တခုတည်းသော အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့မှု” ကို ကိုယ်စားပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

BAT ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးရွက်ကြီးအုပ်စုဖြစ်တဲ့ Lucky Strike နဲ့ Dunhill စီးကရက်တွေကို ထုတ်လုပ်ပါတယ်။

8 mins Ago

January 3, 2023

တက်စ်လာကားကုမ္ပဏီကို တောင်ကိုရီးယားက ‌ဒေါ်လာ ၂ သန်းကျော် ဒဏ်ငွေချမှတ်

တက်စ်လာကားကုမ္ပဏီဟာ အပူချိန်ကျဆင်းတဲ့ အချိန်တွေမှာ လျှပ်စစ်ကားတွေရဲ့ မောင်းနှင်နိုင်မှု အကွာအဝေးတိုတောင်းလာတဲ့အပေါ် သုံးစွဲသူတွေကို အသိပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ကိုရီးယားငွေ ၂ ဒသမ ၈၅ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂၃ သန်း) ဒဏ်ငွေချမှတ်မယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ တရားဝင်ယုံကြည်မှု ထိန်းသိမ်းရေးအဖွဲ့က  ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုကော်မရှင် (KFTC) ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ နမ်ဒေါင်အီက “တက်စ်လာလျှပ်စစ်ကား (EV) တွေရဲ့ မောင်းနှင်နိုင်မှု အတိုင်းအတာ၊ စူပါအားသွင်းကိရိယာတွေရဲ့ စွမ်းဆောင်ရည်နဲ့ လောင်စာဆီကုန်ကျစရိတ် လျှော့ချနိုင်မှုတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေနဲ့ လိမ်လှည့်လှည့်ဖြားကာ ပုံကြီးချဲ့ထားတဲ့ လျှပ်စစ်ကားကြော်ငြာတွေကြောင့် ဒီပြစ်ဒဏ်သတ်မှတ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံက ထုတ်လုပ်သူတွေရဲ့ ဒီလျှပ်စစ်ကားတွေဟာ အွန်လိုင်းပေါ် ကြော်ငြာထားတာနဲ့စာရင် အအေးပိုတဲ့ရာသီတွေမှာ ဒီကားတွေရဲ့ မောင်းနှင်နိုင်စွမ်းအားက ၅၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်ဆိုတာကို နမ်က ဖြည့်စွက်ပြောပါတယ်။ ဒီအပေါ်မှာ တက်စ်လာဘက်က မှတ်ချက်ပေးဖို့အတွက် ချက်ချင်းဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။

4 months Ago
Up