အမေရိကန်အစိုးရဟာ မြန်မာစစ်တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် လွတ်မြောက်ရေးကိုကူညီဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးသံတမန် ဆာဆာကာဝါကို အကူအညီ တောင်းခံခဲ့တယ်လို့ အထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောလိုက်ပါတယ်။
ပရဟိတ နိပွန်ဖောင်ဒေးရှင်း ရဲ့ ဥက္ကဋ္ဌ ဆာဆာကာဝါက မြန်မာနိုင်ငံကို ပုဂ္ဂိုလ်ရေးအရ လာရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ဂျပန်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ခုလိုထည့်သွင်းပြောကြားသွားတာပါ။
ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်က အဖမ်းခံထားရပြီး သတင်းမှားဖြန့်ဝေမှုအပြင် တခြားပြစ်မှုဆိုင်ရာစွဲချက်တွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖှန်စတာကိစ္စမှာ စစ်တပ်နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ သူ့ကို အမေရိကန်အစိုးရကနေ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံကို မကြာခဏ လာရောက်လည်ပတ်ခဲ့တဲ့ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ စနေနေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့အပြီး နှစ်ရက်အကြာမှာတော့ ခြောက်လနီးပါးအကျဉ်းကျခံခဲ့ရတဲ့ အမေရိကန်ဂျာနယ်လစ် ဖှန်စတာဟာ ပြန်လည် လွတ်မြောက်လာပြီးနောက် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့အတူ နိုင်ငံထဲကနေ လေကြောင်းနဲ့ ပြန်ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ကောင်းတွေရှိပြီး ဆက်ဆံရေး အဆင်ပြေတဲ့ သူ့ကို အမေရိကန် အစိုးရက မတောင်းဆိုရသေးခင်ကတောင် သတင်းထောက်ကို လွှတ်ပေးဖို့ သူက တိုက်တွန်းထားသေးတယ်လို့ လည်း ဆာဆာကာဝါက ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သတင်းထုတ်ထားပါတယ်။
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဝါတာနာဘေး၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြန်လွှတ်ပေးလိုက်တာလို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ဆာဆာကာဝါဟာ အခုခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ကြောင်းလည်း အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ အမည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်တွင်းမှာ ၄ လလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စက်တင်ဘာ ၂၀ ရက်က တရားရုံးထုတ် ကြားနာမှုမှာ စိတ်ပျက်အားလျော့နေပုံပေါက်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြောင့် အကျဉ်းထောင်တွင်း အထူးတရားရုံးအစား မြို့နယ်တရားရုံးတစ်ခုမှာ ရုံးထုတ်ကြားနာခဲ့တာပါ။
မနေ့က တရားရုံးကြားနာမှုအတွင်း ဗွီဒီယိုကွန်ဖရင့်နဲ့ စကားပြောတဲ့အခါ အမေရိကန် သတင်းထောက်ဟာ စိတ်ဓာတ်ကျနေပုံရတယ်၊ ဒါဟာ တစ်လကျော်အတွင်း သူ့ရဲ့ ပထမဆုံးအခွင့်အရေးပါလို့ ဖှန်စတာရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က သတင်းထောက်တွေကို ပြောကြားပါတယ်။
“သူ့ဆံပင်က ပိုရှည်လာပြီး စိတ်ပျက်နေပုံလည်းရတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့လေသံနဲ့ သူ့မှာ ပြောစရာ စကားမရှိဘူး" လို့လည်း ပြောကြောင်း ရှေ့နေက ပြန်ပြောပြပါတယ်။
“ထောင်အာဏာပိုင်တွေက ကာကွယ်ဆေးထိုးပေးထားလားလို့ မေးကြည့်တဲ့အခါမှာလည်း သူက No-လို့ ပြောပါတယ်။ သူ့စကားဟာ သူ နေမကောင်းဘူးဆိုတာ ပြနေတယ်။ ဘာမှလည်း မတောင်းဆိုဘူး”လို့ ရှေ့နေက ပြောပါတယ်။
မနေ့က ကြားနာမှုဟာ ဖှန်စတာရဲ့ရုံးချိန်းမတိုင်ခင် ချုပ်ရက်ကိုထပ်တိုးဖို့ ရမန်ထပ်ယူဖို့သာဖြစ်ပြီး သူ့ရဲ့နောက်ထပ်ရုံးချိန်းကို လာမယ့်အောက်တိုဘာလ ၄ ရက်မှာ သတ်မှတ်ထားပါတယ်။ သူ့ကို အာမခံနဲ့ပြန်လွှတ်ပေးဖို့ လျှောက်ထားခွင့် ပြုမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
“ဖှန်စတာရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကျနော်တို့အရမ်းစိုးရိမ်ပါတယ်” လို့ Frontier Myanmar အယ်ဒီတာချုပ် သောမတ်စ်ကီးန်က ပြောပါတယ်။
ဖှန်စတာဟာ အင်းစိန်ထောင်ထဲ ရောက်နေရတာ ၄ လလောက်ရှိနေပြီး အရမ်းကို စိတ်ပျက်နေမယ်ဆိုတာလည်း နားလည်ကြောင်းနဲ့ အာဏာပိုင်တွေဟာ သူ့ကို နောက်ထပ် တရက်လောက်တောင် ထပ်ပြီးထိန်းသိမ်းထားဖို့ အကြောင်းမရှိဘူးလို့လည်း ဆိုပါတယ်။ သူ့မိသားစုနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်အောင် ပြန်လွှတ်ပေးသင့်တယ်လို့လည်း ပြောပါတယ်။
လွတ်လပ်တဲ့ အွန်လိုင်းသတင်းဌာန Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဖှန်စတာကို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်တဲ့ သတင်းတုတွေ ဖြန့်ဝေမှုအတွက် လှုံ့ဆော်မှုနဲ့ စွဲချက်တင်ထားတာဖြစ်ပေမဲ့ ဘယ်လိုရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အသေးစိတ်တွေကို ဖော်ပြမထားပါဘူး။
သတင်းစာပညာဟာ ရာဇ၀တ်မှုမဟုတ်ကြောင်းနဲ့ ဒန်နီဖှန်စတာနဲ့ တခြား သတင်းထောက်တွေကို ဖမ်းဆီးထားတာဟာ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ပြောဆိုထားပါတယ်။
ဖှန်စတာကို လွှတ်ပေးဖို့ အမေရိကန်အစိုးရ နည်းတူ ကမ္ဘာတဝန်းရှိ စာနယ်ဇင်းအသင်းတွေနဲ့ လွတ်လပ်စွာပြောဆိုခွင့် အဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။