ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို) က အနီးကပ်စောင့်ကြည့်နေတဲ့ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ပိုးသစ် ဒယ်လ်တာခရွန်အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေဝန်ကြီး အနုတင် ချန်းဗီရာကူလ်က ဝန်ကြီးဌာနအနေနဲ့ အဆိုပါ ရောဂါပိုးဟာ ဘယ်လိုပြောင်းလဲပါစေ၊ လိုအပ်တဲ့ ဆေးကုသရေးဆိုင်ရာ ကိရိယာတွေ၊ ကာကွယ်ဆေးတွေ၊ ဆေးဝါးတွေ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရရဲ့ ရောဂါကာကွယ်ရေး အစီအမံတွေဖြစ်တဲ့ လူမှုအလှမ်းခွာစည်းမျဉ်းစည်းကမ်းတွေ၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတာတွေနဲ့ ဆေးဝါးတွေက ထိရောက်တဲ့ အကာကွယ်တွေဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ ဆိုပါတယ်။
“ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဝန်ကြီးဌာနလမ်းညွှန်ချက်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာနေသရွေ့ ဘယ်လိုမျိုးကွဲအသစ်တွေကိုမှ စိုးရိမ်မှာမဟုတ်ပါဘူး။”
ဒယ်လ်တာခရွန်ကူးစက်မှုဟာ အခုနှစ်အစောပိုင်းက စတင်တွေ့ရှိခဲ့ကာ ဒါဟာ အိုမီခရွန်နဲ့ ဒယ်လ်တာပေါင်းစပ်ပြီး မျိုးဗီဇပြောင်းကူးစက်မှုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူ အိပ်ချ်အို) က ဆက်လက်စောင့်ကြည့်လေ့လာနေပေမယ့် စိုးရိမ်စရာကောင်းတဲ့ မျိုးကွဲအနေနဲ့ သတ်မှတ်ခြင်းတော့ မရှိသေးပါဘူး။
ဆေးသုတေသန ပညာရှင်တွေကတော့ ဒါဟာ အိုမီခရွန်နဲ့ ဒယ်လ်တာတို့က မျိုးရိုးဗီဇတွေကို ပေါင်းစပ်ထားတဲ့ တခုတည်းသော မျိုးစပ်မျိုးကွဲတမျိုး ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ရောဂါထိန်းချုပ်ရေးဌာန (ဒီဒီစီ) ကတော့ ထိုင်းနိုင်ငံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု နှုန်း ၁ သိန်းထိ အဆိုးဝါးဆုံးအခြေအနေမှာ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃ ဒသမ ၃ သန်းကျော်၊ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်း ၃ သန်းကျော်နဲ့ သေဆုံးသူ ၂၄,၀၀၀ ကျော်ထိ ရှိနေပါတယ်။