close

ဒရုန်းနဲ့ တော်လှန်ဝမ်းမီးလီယံ

close

September 15, 2022

“ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ” ပရောဂျက်မှ ကန်ဒေါ်လာ ၃ သိန်းရရှိထား

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်တဲ့ “Project Skywalk” ကနေ မြေပြင်တော်လှန်ရေးအတွက် ဘဏ္ဍာ​ငွေ​ အမေရိကန်ဒေါ်လာ ၁ သန်းထိ ရှာဖွေပံ့ပိုးပေးမယ့် အစီအစဉ်ကို စတင်နေပြီး လတ်တလောမှာတော့ ရာခိုင်နှုန်း ၇၀ ကျော် လိုအပ်နေသေးတယ်လို့ ထုတ်ပြန်ပါတယ်။

ကောင်းကင် ​​ဝေဟင်က​နေ ဖက်ဒရယ်ဒီမိုက​ရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်​လျှောက်လှမ်းမယ့် စီမံချက်ဖြစ်တဲ့ “Project Skywalk” ဟာ ​မြေပြင်ဒရုန်းတိုက်ခိုက်​ရေးတပ်ဖွဲ့​တွေကို လက်ရုံးတပ်​​တွေအ​ဖြစ် စုစည်းပြီး ဟန်ချက်ညီညီနဲ့ စစ်ဆင်​ရေးပုံ​ဖော်နိုင်​ဖို့ အ​ထောက်အကူ​ပေးနိုင်​ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး NUG ကာကွယ်​ရေးဒုဝန်ကြီး နိုင်​ကောင်းရွတ် ဦး​ဆောင်ကာ ဘဏ္ဍာ​ရေးဌာနနဲ့ ပြည်သူ့ ဆက်ဆံ​ရေးအဖွဲ့တို့ ဦးစီးလုပ်​ဆောင်တဲ့ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး အစီအစဥ်တရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

​မြေပြင်က တိုက်ပွဲဝင်​နေတဲ့ Drone Squad ​တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်း​တွေကို အတိုင်းအတာတခုအထိ ထိထိ​ရောက်​ရောက် တပ်ဆင်​နိုင်ဖို့ ဒီပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်က​နေ စက်တင်ဘာ ၁၅ ရက်​နေ့အထိ သီတင်း ၂ ပတ်တာ ကမ်ပိန်းအနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ ပြည့်ဖို့ (၇၀) ရာခိုင်နှုန်းလိုအပ်နေပါသေးတယ်ခဗျာ။ လက်ရှိအချိန်ထိ Project Skywalk ရည်မှန်း​ငွေပမာဏရဲ့ (၃၀) ရာခိုင်နှုန်း - အမေရိကန်ဒေါ်လာ (၃) သိန်း အထိ ရရှိထားပြီ ဖြစ်ပါတယ်။ ခက်ခဲပင်ပန်း​နေကြတာမှန်​ပေမယ့် စစ်​ကောင်စီတပ်ကို ​နေ့​ရော၊ညပါ စိုးရွံ့​စေတဲ့ ဒရုန်းတပ်ဖွဲ့​တွေ အင်အားပြည့်ဖို့အ​ရေး မနက်ဖြန် ​Project နောက်ဆုံး​နေ့​ရောက်ပြီမို့ တတ်နိုင်သမျှ အားဖြည့်ပါဝင် ပေးကြပါဦးဗျို့။ ✊️”

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေသလို တော်လှန်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ဟာလည်း မြင့်နေတာမို့ NUG အစိုးရအပါအတင် တော်လှန်ပြည်သူတွေ၊ အဖွဲ့အစည်းတွေ အသီးသီးကပါ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

“Project Skywalk” မှာ ထောက်ကူချင်တယ်ဆိုရင်⬇️ဖော်ပြပါလင့်ခ်ကတဆင့် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/projectskywalk/posts/119618930852192

1 min Ago
Up